
ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက အမှုဖြေလျော့ပေးမယ်ဆိုပြီး ငွေတောင်းနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
တရားစွဲခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေကို ပြစ်မှုဖြေလျော့စိစစ်ရေးကော်မတီကနေ ဆက်သွယ်ပြီး ငွေသိန်း ၅၀ ကနေ သိန်း ၃၀၀ ထိ တောင်းယူနေတာလို့ မိသားစုဝင်တွေက ဆိုပါတယ်။
“သူတို့က အမှုတွေကို ပြန်စိစစ်ပေးရတဲ့အဖွဲ့ကလို့ပြောပြီး ငွေတောင်းတာ။ သူတို့က အမှုတွေကို ပြန်စိစစ်ပြီး နေပြည်တော်ကိုတင်တယ်၊ အဲ့ကပြန်ကျလာရင် လွှတ်ပေးတယ်၊ အဲလိုမျိုးအတွက် ငွေတောင်းတာလို့ ပြောတယ်။ စာရင်းပါလာမှ သူတို့က ငွေလိုက်တောင်းတာ” လို့ မိသားစုဝင်တဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုတွေကို ပြန်လည်စိစစ်တဲ့ ဖြေလျော့ရေးကော်မတီမှာ စရဖ၊ ရဲတပ်ဖွဲ့၊ တရားသူကြီးနဲ့ ထွေအုပ်ဝန်ထမ်းတွေပါဝင်ပြီး ပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ခံရရင် သိန်း ၅၀ တောင်းလေ့ရှိပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့အမှုဖွင့်ခံရရင် ငွေသိန်း ၃၀၀ ထိ တောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်မှာ မတရားစွပ်စွဲဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်နဲ့ အကျဉ်းသူ ၅၀ ထိရှိတယ်လို့ အကျဉ်းထောင်အသိုက်အဝန်းက သိရပါတယ်။