
မကွေးတိုင်း၊ ဆောမြို့နယ်မှာ စက်တင်ဘာ ၉ ရက်မနက်က စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက်ထက် မနည်းသေဆုံးကာ ၁၀ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု PDF (YRPA) ကနေသိရပါတယ်။
ဆောမြို့နယ်နဲ့ လှော်ဝရွာမှာ ညအိပ်စခန်းချခဲ့တဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၉ ရက် မနက် ၁၁ နာရီခွဲလောက်မှာ မလယ်ကုန်းဘက်ကို ထွက်လာရာမှာ ရှေ့ပြေး စစ်ကောင်စီတပ်သား ၁၈ ယောက်ကို ကျောက်ထု PDF (YRPA)နဲ့ CDF-မင်းတပ်တို့ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကျောက်ထုPDF ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက “ကျနော်တို့ဘက်က သတင်းကြိုရလို့ မီတာ ၂၀ လောက်အကွာထိအနီးကပ် ခြုံခိုပြီးစောင်ကြိုတိုက်ခိုက်ခဲ့တာပါ။ စစ်(...) ၄ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ကျော်ဒဏ်ရာရရှိကာ ထမ်းစင်တွေနဲ့ထမ်းပြီး လှော်ဝရွာထဲကို ပြန်ဆုတ်သွားကြတယ်”လို့ ပြောပါတယ်။
ကျောက်ထုအမြောက်တပ်ဘက်ကနေ စစ်ကောင်စီတပ်သား အင်အား ၉၃ ယောက်နဲ့ ထိုးလာစစ်ကြောင်းဟာ စက်တင်ဘာ ၉ ရက်မှာ ပဆုတ်ရွာဘက်ကနေ ရွာသားတယောက်ကို ဖမ်းဆီးခေါ်ဆောင်ကာ လက်ပန်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး တောထဲက တဲ ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗိုလ်ရန်ကင်းက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ကျောက်ထုဒေသအတွင်းမှာရှိတဲ့ မိဘပြည်သူတွေ အနေနဲ့ ကျောက်ထု-မင်းတပ်လမ်းပိုင်း၊ တပြင်း-ပင်တောင်-ကြူတော ကျေးရွာတွေကိုသွားတဲ့ ရွာချင်းဆက်လမ်းတွေကို ခေတ္တအသုံးမပြုကြဖို့ မေတ္တာရပ်ခံသတိပေးထားပါတယ်။
ဆောမြို့နယ်မှာ စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။