
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးစာကျကျေးရွာမှာ စက်တင်ဘာ ၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အိမ်မွေးဝက်တချို့ သေဆုံးခဲ့သလို ဒဏ်ရာရတဲ့ ဝက်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ကြေးနီးနဲ့ တခြားပစ္စည်းများသယ်ယူစဥ်မှာ လမ်းလုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့က မုံရွာ-ပုသိမ် ကားလမ်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ နေအိမ်ဝင်း အတွင်းက ဝက်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
လက်နက်ကြီးကြောင့် မွေးမြူရေးဝက် ၂ ကောင်သေဆုံးခဲ့ရပြီး တခြားဝက် ၄ ကောင်မှာလည်း လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ကာ အဲဒီထဲက အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဝက်တွေ လည်းရှိသေးတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်တွေက မုံရွာ-ပုသိမ် ကားလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်ဟာ လုံခြုံရေး တာဝန်ထမ်းဆောင်ချိန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အောင်ဇေယျကွက်သစ်(ဒေသခေါ် ရွှေတောင်ဦးကုန်း)နဲ့ ဝမ်ပေါင်ကုမ္ပဏီကြားမှာရှိတဲ့ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေက ဒေသခံ သောင်းချီ ထွက်ပြေးခဲ့ကြရပါတယ်။