မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာကို စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၂၀ ဝန်းကျင် ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရွာမှာ တပ်စွဲလို့ပြေးနေကြရတာ။ ရွာကနေ စစ်ကြောင်းအထွက်မှာ မီးရှို့သွားတာ။ အိမ်ခြေ ၂၀ ဝန်းကျင် မီးလောင်ဆုံးရှုံးသွားတယ်" လို့ ဒေသခံကတဦးက ပြောပါတယ်။
အဆိုပါ မြင်းဇာကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်နေထိုင်ကာ လက်ရှိမှာ ကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဂန့်ဂေါနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးစစ်ဆင်နေပြီး ကျေးရွာတွေကို ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဂန့်ဂေါနယ်မြောက်ပိုင်းက လက်ပံရွာ၊ မြင်းဇာရွာ ၊ မောက်ရွာနဲ့ မောက်လင်းရွာက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေပါတယ်။