Home
မြန်မာသတင်း
သေကြောင်းကြံလိုသူများလာသဖြင့် စိတ်ဖိစီးခံရသူများကို ဂရုတစိုက်ပေးရန် ကျန်းမာရေး CDM အရာရှိ အကြံပြု
DVB
·
September 10, 2022

ဒီကာလမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ချင်သူတွေများလာလို့ စိတ်ဖိစီးခံနေရသူတွေကို အမှတ်တမဲ့မထားဘဲ ဂရုတစိုက်ရှိပေးကြဖို့ ကျန်းမာရေးဌာနက CDM အရာရှိတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တာတွေ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့ပြီး အထက်တန်းလွှာတချို့တောင် သတ်သေဖို့ တိုင်ပင်လာကြတယ်လို့ ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သလို CDM တွေကို ကူညီနေတဲ့အဖွဲ့တခုရဲ့ တည်ထောင်သူလည်းဖြစ်တဲ့ မိုးခက ပြောပါတယ်။

“ကျနော့်ဆီကို သေကြောင်းကြံစည်(suicide) လုပ်ချင်တယ်ဆိုပြီး လာတိုင်ပင်တဲ့သူတွေ အယောက် ၂၀ ကျော်လောက်ရှိပါတယ်။ များသောအားဖြင့် ဌာနဆိုင်ရာ CDM ဝန်ထမ်းတွေ၊ သာမန်လက်လုပ်လက်စားပြည်သူတွေ များပါတယ်။ ထူးထူးခြားခြား ပါဝင်တာဆိုလို့ အထက်တန်းလွှာ တယောက်၊ နှစ်ယောက်လောက်ပဲ ဖြစ်ပါတယ်။”

စားဝတ်နေရေး ကျပ်တည်းတာလိုမျိုး၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေအပေါ် မူတည်ပြီး ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကတော့ ဆက်လက်ရှင်သန်လိုစိတ် လျော့ကျလာမှုဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဌာနဆိုင်ရာ CDM ဝန်ထမ်းတွေဆိုရင် အာဏာသိမ်းပြီးကတည်းက CDM လုပ်တဲ့အတွက် လစာမရ၊ အလုပ်ဖြုတ်ခံရတဲ့အတွက်  နေအိမ်ဖယ်ပေးရ၊ အဖမ်းခံရမှာ အမြဲစိုးရွံ့နေရတဲ့ အတွက် စိတ်ဒဏ်ရာ (Trauma) တွေ ရနေတတ်ပြီး တချို့သူတွေဆိုရင် စားဝတ်နေရေးခက်ခဲတဲ့အပြင် လူမှုရေးပြဿနာတွေကိုပါ ထပ်ရင်ဆိုင်ရတာကြောင့် သေကြောင်းကြံစည်လိုတဲ့စိတ်တွေ ဖြစ်လာပြီး လာတိုင်ပင်တာမျိုးတွေရှိတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ သူဟာ စိတ်ဖိစီးခံနေရသူတွေကို အွန်လိုင်းကနေ နှစ်သိမ့်ဆွေးနွေးပေးနေပါတယ်။

စိတ်ဖိစီးခံရတဲ့အခါ စိတ်မရှည်တာ၊ ဘာမဟုတ်တဲ့ကိစ္စတွေအပေါ် ဒေါသထွက်လွယ်တာ၊  မကြာခဏ သက်ပြင်းတွေချတတ်တာ၊ အနီးအနားမှာရှိသူတွေကို မာန်မဲချင်တာ၊ ညဘက် တော်တော်နဲ့ အိပ်မပျော်တာတွေဖြစ်တတ်ပြီး တချို့သူတွေမှာတော့ ဘယ်သူနဲ့မှ စကားမပြောဘဲ တယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်တာကိုလည်း တွေ့ရတတ်ပါတယ်။

စိတ်ဖိစီးတာတွေကို နေ့စဉ်ရက်ဆက် ဒါမှမဟုတ်  အချိန်တိုင်းနီးပါးကြုံတွေ့ရတဲ့အခါ  စိတ်ကျရောဂါ (Depression) ကို ခံစားရတတ်ပြီး အဲဒီနောက်မှာတော့ ပြဿနာပေါင်းစုံကို ထပ်ကြုံတွေ့ရတတ်တယ်လို့လည်း မိုးခက ပြောပါတယ်။

စိတ်ကျရောဂါရထားသူတယောက်ဟာ ပြဿနာတွေရင်ဆိုင်ရပြီး ဖြေရှင်းဖို့ နည်းလမ်း ရှာမတွေ့တော့တဲ့အခါ ဒါမှမဟုတ် လောကကြီးထဲမှာ ရှင်သန်နေရတာ အရမ်းပင်ပန်းတယ်လို့ ခံစားမိသွားတဲ့အခါ ဒါမှမဟုတ် သူ့အခြေအနေတွေကို နားလည်ပေးနိုင်တဲ့သူ  လောကကြီးထဲမှာ မရှိတော့ဘူးလို့ ယူဆသွားတဲ့အခါမျိုးမှာ လမ်းလွဲလိုက်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတတ်ကြတယ်လို့ ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့သူတွေမှာ များသောအားဖြင့် ထူးခြားတဲ့ လက္ခဏာတွေကို ပြသလေ့ရှိပြီး စိတ်ညစ်တဲ့အကြောင်းတွေ၊ စိတ်ဓာတ်ကျတဲ့အကြောင်းတွေ မကြာခဏ ပြောဆိုရေးသားတာမျိုး၊ သူရဲ့ပြောစကားတွေ၊ အရေးအသားတွေ၊ လုပ်ဆောင်ချက်တွေမှာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ သဘောတွေ ပါဝင်နေတတ်ပြီး သတိထားရင် သိသာတယ်လို့လည်း ဆိုပါတယ်။

“ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ညစ်နေတဲ့သူ၊ စိတ်ဓာတ်ကျနေတဲ့သူတွေကိုတွေ့တဲ့အခါ အမှုမဲ့အမှတ်မဲ့မနေဘဲ ဂရုတစိုက် စောင့်ကြည့်တာမျိုး၊ သူတို့ပြောစကားတွေကို သေချာ နားထောင်ပေးပြီး ပြန်လည်အကြံပေး အားပေးနှစ်သိမ့်ပေးတာမျိုး၊ သူတို့ရဲ့ပြဿနာတွေကို ကိုယ်တိုင်မဖြေရှင်းပေးနိုင်ရင်တောင် ဖြေရှင်းပေးနိုင်မယ့်သူတွေနဲ့ ချိတ်ဆတ်ပေးတာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်ခြင်း (Psychological First Aid - PFA) လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။ အရင်ဦးဆုံးအနေနဲ့ သူ့ကိုယုံကြည်ချက်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်လိုယုံကြည်ချက်မျိုးလဲဆိုတော့ သေကြောင်းကြံစည်ခြင်းဟာ အဖြေမဟုတ်ဘဲ ရှင်သန်နေဖို့ အရေးကြီးတယ်ဆိုတဲ့ သဘောတရားကို နားလည်လက်ခံနိုင်အောင် သေချာ ရှင်းပြခြင်းပဲဖြစ်ပါတယ်။ လောကမှာ ဖြေရှင်းလို့မရတဲ့ပြဿနာဆိုတာ မရှိတဲ့အကြောင်း၊ အသက်ရှင်သန်နေမှသာ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ ပျော်ရွှင်စရာအချိန်တွေကို အတူဖြတ်သန်းနိုင်မှာ ဖြစ်တဲ့အကြောင်း၊ suicide လုပ်​​​ခြင်းဟာ လောကကြီးနဲ့ ကိုယ့်ရန်သူကို လက်​မြှောက် အရှုံးပေးသွားတဲ့ အဓိပ္ပါယ်မို့လို့ မလုပ်သင့်တဲ့အကြောင်း သေချာရှင်းပြဖို့ လိုအပ်ပါတယ်။ အဲဒီလို စိတ်ရှည်လက်ရှည် ရှင်းပြခြင်းအားဖြင့် သေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့သူဟာ ယုံကြည်ချက်တွေရရှိပြီး ဆက်လက်ရှင်သန်ဖို့လမ်းကို ရွေးချယ်မှာဖြစ်ပါတယ်” လို့ မိုးခက ပြောပါတယ်။

ဒီကာလမှာ လူတိုင်းနီးပါး အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ အနည်းအများဆိုသလို ရင်ဆိုင်ကြုံတွေ့နေတာကြောင့် ကိုယ့်စိတ်ဓာတ်ကို ခိုင်မာတည်ကြည်အောင် လေ့ကျင့်ထားသင့်သလို ကိုယ့်ပတ်ဝန်းကျင်က သူတွေကိုလည်း တတ်နိုင်သမျှ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတွေနဲ့ ဖေးမကူညီစောင့်ရှောက်သင့်တယ်လို့လည်း ဆိုပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် စာများများဖတ်တာ၊ စိတ်ညစ်စရာတွေကို အချိန်တိုင်း တွေးမနေဘဲ မိမိဝါသနာပါတဲ့ အလုပ်တခုခုကို ပုံမှန်လုပ်ပေးတာ၊ တရားနာတာ၊ တရားထိုင်တာ၊ ရင်းနှီးတဲ့သူတွေနဲ့ စကားပြောတာတွေလုပ်ပေးဖို့လည်း သူက အကြံပြုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း စိတ်ဖိစီးတာကို ကျော်လွှားနိုင်ဖို့အတွက် အတတ်ပညာသစ်တွေ သင်ယူဖို့၊ သတင်းတွေနောက်လိုက်ပါတတ်တဲ့ အကျင့်ကို ဖျောက်ဖို့၊ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေအတွက် ပူပန်မနေဖို့၊ ကိုယ့်ကိုယ်ကိုယ် ပို ဂရုစိုက်ဖို့၊ ယုံကြည်ရသူတွေဆီက ဖေးမမှုကိုယူဖို့၊ ကိုယ်လုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်ဖို့၊ လိုအပ်လာရင် အကူအညီရယူဖို့ အကြံပြုထားပါတယ်။

စိတ်ကျန်းမာရေးပြဿနာတွေ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို အခမဲ့ တိုင်ပင် ဆွေးနွေးဖို့အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တယ်လီကျန်းမာ ဆေးခန်း (MOH)

https://facebook.com/telehealthmm

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ တိုင်ပင်ဖော် ဝန်ဆောင်မှု (MOWYCA)

https://facebook.com/taingpinphaw

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့  Mind Healers -စိတ်ခွန်အားပေးသူများ (MOHADM)

https://facebook.com/MindHealersMM တို့ကိုလည်း ဆက်သွယ်ပြီး အကူအညီ ရယူနိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024