Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်
DVB
·
September 10, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း-ဂုပ္ပိ တောင်ကျော်လမ်းမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ စက်တင်ဘာ ၁၀ ရက် မနက် ၆ နာရီကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့  ဒေသခံ ရွာသားတွေက ပြောပါတယ်။

ကြိမ်ချောင်းကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ် ဂုပ္ပကျေးရွာကို  ဆက်သွယ် ပေးထားတဲ့ မေယုတောင်ကျော်ဖြတ်လမ်းတခုဖြစ်တဲ့ ကြိမ်ချောင်း - ဂုပ္ပိလမ်းမှာ ဒီနေ့ မနက် ၆ နာရီက စပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။

တိုက်ပွဲနဲ့ ပတ်သက်ပြီး ကြိမ်ချောင်းကျေးရွာသားတဦးက"မနက် ၆ နာရီလောက်ကနေ စဖြစ်နေကြတာပါ။ ဂုပ္ပိ တောင်ပေါ်မှာဖြစ်နေကြတာ။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံနေတာပဲ။ ကြိမ်ချောင်း ၂၄ စခန်းက လက်နက်ကြီး အဆက်မပြတ် ပစ်ပေးနေတယ်" လို့ ပြောပါတယ်။

ကြိမ်ချောင်း-ဂုပ္ပိတောင်ကျော်လမ်း နယ်ခြားစောင့်စခန်းကို အေအေက တိုက်ခိုက်သိမ်းလိုက်ဖွယ်ရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့   ဒေသခံတဦးက ပြောပါတယ်။

"စခန်းကျသွားပြီလို့ ယူဆရတယ်။ လေယာဉ်က အဲဒီနယ်ခြားစောင့်စခန်းကို အားလုံးဗုံးကြဲပြီး ပြန်သွားတာ။ အေအေဘက်ကလည်း ထိခိုက်တာတွေ ရှိနိုင်တယ်။" 

ဇူလိုင်လကစပြီး မောင်တောနယ်စပ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတဦးက သုံးသပ်ပြောဆိုပါတယ်။

"နယ်စပ်မှာ အေအေအခြေစိုက်စခန်းတွေ ချလာတာကို စစ်ကောင်စီက မလိုလားဘူး။ ထိုးစစ်ဆင်တယ်။ အေအေကလည်း နယ်စပ်ဒေသကို မရမကတိုက်သွားမယ့် သဘောတွေ့ နေရတယ်။ ဒါကြောင့် အနာဂတ်မှာ စစ်ဘောင်ကျယ်လာပြီး တိုက်ပွဲတွေ ပြင်းပြင်ထန်ထန် ဖြစ်လာမယ့်သဘောရှိနေတယ်။"

မောင်တောနယ်စပ်မှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများ နေတာကြောင့် လက်နက်ကြီး၊ ရဟတ်ယာဥ်၊ တိုက်လေယာဥ်တွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နယ်ခြားစောင့်စခန်းတချို့ ထပ်မံတိုက်ခိုက်ခံရတာ၊ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024