
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စက်တင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က မုံရွာမြို့ကနေ စစ်ကိုင်းမြို့ဘက်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ ၂ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကား ၁၃ စီးပါး စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ ဘိုးမင်းကြီးကင်းနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ပဒေသာမိုင်း ၄ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နောက်ထပ်တဖန် အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force-MMU က ထုတ်ပြန်ထားပါတယ်။
Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက "ကား ၂ စင်းထိသွားတာ မှန်ပါတယ်ဗျ။ မြင်းမူအဝင်မှာ ကြိုဆိုခဲ့တာ။ ကားပေါ်ပါလာတဲ့ ကောင်တွေ အထိခိုက်အသေပျောက်ရှိနိုင်ပေမဲ့ အတိကျစုံစမ်းနေဆဲပဲ။ သူတို့ဘက်ကလည်း ရမ်းပြီး ပစ်ခတ်မှုတချို့တော့ရှိတယ်။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေ အထိခိုက်မရှိပဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။" လို့ ပြောပါတယ်။
အဲ့ဒီ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ယာဉ်တန်းရှိ စစ်ကား ၁၃ စီးအနက် ၃ စီးမြောက်နဲ့ ၉ စီးမြောက်ကားက ထိမှန်ပျက်စီးသွားပြီး တစီးက တာယာပွင့်ထွက်ကာ ထိုးရပ်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးမှာ Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)က ဦးဆောင်ပြီး စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၂) ၊ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM နဲ့ မိုင်းညီနောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတယ်။
လက်ရှိမှာ မန္တလေး - မုံရွာ လမ်းတလျှောက် စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ကင်းပုန်းချထားပါတယ်။
မန္တလေး - မုံရွာလမ်း ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏတိုက်ခိုက်ခံရပြီး အခုအပတ် စက်တင်ဘာ ၈ ရက်ကလည်း မြင်းမူမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တွေမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဖွဲ့ဝင် ၂၃ ဦး ထက်မနည်းသေဆုံးခဲ့ပါတယ်။