
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်မှာရှိတဲ့ အမှတ် (၂) ရဲစခန်းမှာ စက်တင်ဘာ ၉ ရက် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲသံတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရဲစခန်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက "အမှတ် ၂ ရဲစခန်းမှာ ပထမဗုံးပေါက်ကွဲသံနှစ်ချက်ကြားရတယ်။ ပြီးတော့ သေနတ်တွေနဲ့ပစ်ကြတာပဲ။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာတော့မသိရဘူး။ ဒဏ်ရာရတာ သေတာ ရှိလားဆိုတာတော့သေချာမသိရဘူး”လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်ကြောင့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တယောက် လဲကျသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူတဦးက ပြောပါတယ်။
"အမှတ်-၂ရဲစခန်းကိုသွားပစ်တာ။ ကင်းပုန်းတစ်ဦးလဲကျသွားတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထိခိုက်မရှိ ဆုတ်ခွာနိုင်ကြခဲ့ကြတယ်။ စစ်ကောင်စီဘက်ကတော့ ရမ်းသန်းပစ်တယ်။”
ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က သွားရောက်ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တယောက် လဲကျသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားထားပေမဲ့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စက်တင်ဘာ ၈ ရက်မနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာရှိတဲ့ စရဖရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
မြစ်ကြီးနားမြို့ခံ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကိုသတင်းပေးတာ လုံး၀မလုပ်ကြဖို့ KIA တပ်ရင်း-၁၁ က သတိပေးစာထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် နေရာအနှံ့မှာ KIA၊PDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေပါတယ်။