စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း မူးတိမ်ချောင်းတံတားစောင့် စစ်ကောင်စီစခန်း ဒီနေ့ စစ်တင်ဘာ ၉ ရက် မနက် ၄ နာရီလောက်က တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ မူးတိမ်ချောင်းတံတားဟာ ခင်ဦး-ရေဦးသွား လမ်းမပေါ်မှာရှိတဲ့ တံတားတခုဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ ရွာသူတယောက်က “မနက် ၄ နာရီက ပေါက်ကွဲသံ ၃ လုံး ကြားလိုက်တယ်။ တံတားအစောင့်တွေ အတိုက်ခံရတာဆိုတာ မပြောဘဲသိတယ်။ အဲ့တံတားက (--)တွေစောင့်နေတာ ကြာပြီ။ သူတို့ရှိတော့ လယ်လည်းမလုပ်ရဲဘူး။ လာသမျှလူတွေကို ဖမ်းတယ်။ လယ်လုပ်တဲ့တောင်သူတွေလည်း သေးနတ်တွေနဲ့ ပစ်တာတွေ လုပ်တယ်။ ကျမတို့ ဒေသခံတွေက အဲ့တံတားကို အရင်က မူးတိမ်ချောင်းတံတားလို့ ခေါ်ကြတာ။ အခုတော့ (--)စောင့်တံတားလို့ ခေါ်နေကြတယ်” လို့ ပြောပါတယ်။
အဆိုပါ တံတားစောင့် စစ်သားတွေဟာ တိုက်ခိုက်ခံရပြီးချိန်ကစပြီး အနီးပတ်ဝန်းကျင်က ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကာ ဒေသခံရွာသားတွေရဲ့ ထိခိုက်မှုကိုတော့ သေချာမသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ခင်ဦး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တယောက်က “ဒရုန်းနဲ့ ဝေဟင်ကနေ ဗုံး ၅ လုံးချ တိုက်ခိုက်ခဲ့တာ။ နှစ်လုံးက သူတို့စခန်းတဲပေါ် တည့်တည့်ကျတယ်။ တလုံးက တဲမျက်နာစာမှာ ကျတယ်လို့ သိရတယ်။ အထိအခိုက်လည်း များတယ်။ အထိအခိုက်များလို့ ဒေသခံရွာတွေဆီ ပစ်ခတ်တာတွေ လုပ်နေတာ” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီက အခုလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရေဦးမြို့အထွက် ကြာအဝိုင်းကနေ ညတိုင်း ပစ်ခတ်နေတာကြောင့် အနီးပတ်ဝန်းကျင်က ဒေသခံတွေ စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်မှာ စက်တင်ဘာ ၉ ရက် မနက်အစောပိုင်းက ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ကင်းလှည့်သွားလာနေတဲ့ စစ်ကောင်စီကား ၂ စီးကို PDF (Kalay) ရဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့က ဆင်ရွာလမ်းခွဲအနီးမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကား ၁ စီး မိုင်းထိမှန် ထိုးရပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် မိုင်းထိမှန်ဒဏ်ရာ ရရှိသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဟာ မိုင်းပေါက်ကွဲတဲ့ အနီးပတ်ဝန်းကျင်ကို မိနစ် ၃၀ ခန့် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ကလေး PDF က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ေယာက် ကျည်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လမ်းမပေါ်မှာ ဆိုင်ကယ်စီးနေတဲ့ အမျိုးသမီးတဦး ကျည်ထိမှန်ဒဏ်ရာရသွားတာ။ နောက်အမျိုးသမီးတဦးက အိမ်ထဲမှာနေတာ အပြင်ကနေ ေကျာ်မှန်တာ။ နေအိမ်တချို့လည်း ကျည်ထိမှန်ပျက်စီးခဲ့တယ်။”
စက်တင်ဘာ ၈ ရက်ကလည်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် ချမ်းမြေ့အောင်စည်လမ်းမှာ စစ်ကောင်စီကား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့အခြေစိုက်နေရာကနေ ပြင်ပကို ခြေတလှမ်းရွေ့ကတည်းက မိမိတို့ PDF (Kalay) တပ်ဖွဲ့တွေက သတင်းထောက်လှမ်း သိရှိထားပြီး အချိန်မရွေး ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ကို အထူးသတိပြု ကြိုတင်ရှောင်ရှားထားကြဖို့ ကလေး PDF က မေတ္တာရပ်ခံ သတိပေးထားပါတယ်။