ရက္ခိုင့်တပ်တော် (အေအေ) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခရဲ့ ညီဖြစ်သူနေထိုင်တဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေကာ ပစ္စည်းတချို့ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမ်းမြို့နယ်၊ တန်းတင်ကျေးရွာအုပ်စု၊ ကျွဲကူးတောင်ရွာမှာရှိတဲ့ ဦးခိုင်သုခရဲ့ ညီဖြစ်သူ ဦးခင်မောင်ဝင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်ကာ နေအိမ်အတွင်းရှိ ပစ္စည်းအချို့ကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
အမ်းမြို့နယ်ဒေသခံ ၁ ဦး “ဦးခင်မောင်ဝင်းရဲ့ နေအိမ်ကို စစ်တပ်ကလာပြီးတော့ အိမ်တံခါးပိတ်ထားတာကို သော့တွေကိုဖျက်ပြီးတော့ ဝင်တယ်၊ အိမ်ထဲကို ရောက်တဲ့အခါမှာလည်း သေတ္တာမှာ သော့ခတ်ထားတာကို ဖျက်ပြီးတော့ အထဲမှာရှိတဲ့စာရွက်စာတမ်းတချို့နဲ့ ပစ္စည်းတချို့ကို ယူဆောင်သွားတယ်လို့ ကျနော်တို့ သိရတယ်၊ နောက်ပြီးတော့ အဲဒီအိမ်ထဲကို ဘယ်သူမှ ဝင်ထွက်တာတွေ မလုပ်ဖို့ တားဆီးခဲ့တယ်လို့ ကြားသိရတာပေါ့၊ ပြီးရင် ဦးခင်မောင်ဝင်းရဲ့ နေအိမ်ရှေ့မှာရှိတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို သူတို့က ခေါ်သွားပြီးတော့ နောက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာ"လို့ ပြောပါတယ်။
ဦးခိုင်သုခရဲ့ညီဖြစ်သူကတော့ နေအိမ်မှာမရှိတဲ့အတွက် ဖမ်းဆီးခံရတာ မရှိခဲ့ပါဘူး။
အခုလို အေအေပြန်ကြားရေးတာဝန်ခံရဲ့ ဆွေမျိုးနေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းတာဟာ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားတစီးကို အေအေတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံက ဆိုပါတယ်။
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့အေအေတို့ အပြန်အလှန်ဖမ်းဆီးတာတွေ ရှိလာနေကာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့မှာတော့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်တာတွေကိုလည်း လုပ်ဆောင်လာနေပါတယ်။