
အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ် နန်းဖာလုံရပ်ကွက်နဲ့ တမူး-အောင်ဇေယျ ကားလမ်းပေါ်မှာ ဓားပြတိုက် လုယက်နေတဲ့ အဖွဲ့ဝင် လေးယောက်ကို ဖမ်းဆီးရမိထားကြောင်း တမူး PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“စက်တင်ဘာ ၇ ရက်နေ့က ဓားပြအဖွဲ့ဝင်တဦးကို ကနဦး ဖမ်းဆီးရမိခဲ့တယ်။ သူ့ကို ဆက်ဖော်လိုက်တာကနေ ကျန်ကွင်းဆက်တရားခံ ဓားပြခေါင်းဆောင်တဦးနဲ့ အဖွဲ့ဝင်နှစ်ဦးကို ကျနော်တို့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ ကူကီးအမျိုးသားတပ်မတော်အဖွဲ့ကနေ ဖမ်းဆီးခဲ့တယ်။ သူတို့တွေက သေနတ်တွေကတော့ အတုတွေ၊ ဒါပေမဲ့ ဓားအစစ်တွေနဲ့ ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို လက်နက်ပြ ဓားပြတိုက်နေတာ။ မြို့ပေါ်မှာ ပျူစောထီး ဓားပြတွေလည်း ရှိတယ်။ အခုဖမ်းဆီးရမိတဲ့ ဓားပြတွေက ဒေသခံဓားပြတွေပါ။”
တမူးမြို့နယ်နဲ့ တမူးမြို့ပေါ်မှာ လတ်တလော ဓားပြတိုက် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ စုံစမ်းစစ်ဆေး အရေးယူတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုအခါ ဖမ်းဆီးရမိထားတဲ့ ဓားပြတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ အသေးစိတ် စစ်ဆေးနေပြီး NUG ရဲ့ လမ်းညွှန်ချက်နဲ့အညီ အရေးယူသွားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နောက်နောင်လည်း လက်နက်အားကိုးပြီး ပြည်သူလူထုကို အနိုင်ကျင့် နှိပ်စက်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို မိမိတို့ တမူး PDF အနေနဲ့ ဖမ်းဆီးနှိမ်နင်း အရေးယူသွားမှာဖြစ်ကြောင်း တမူး PDF က ထုတ်ပြန် သတိပေးလိုက်ပါတယ်။
စက်တင်ဘာ ၈ ရက်ကလည်း တမူးမြို့ပြင် ၃ မိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တမူး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးခဲ့ပါတယ်။