
မွန်ပြည်နယ်၊ ရေးမြို့ရှိ အောင်မင်္ဂလာနာရေးနဲ့လူမှုကယ်ဆယ်ရေးအသင်းကားတစီး စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အသင်းဝင်တယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အသင်းဥက္ကဋ္ဌ ကိုဘမင်းက ပြောပါတယ်။
အဲဒီကားဟာ ရေးမြို့ရှိ ဆိုင်ကယ်မတော်တဆဖြစ်တဲ့ လူနာတယောက်ကို မော်လမြိုင်ကိုပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတာပါ။
လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ကိုဘမင်းက “ကား ၂ စီးနဲ့ လာတာ။ မီးတွေလည်း ဖွင့်ထားတယ်။ ပိန္နဲတောကျေးရွာရောက်မှာ နောက်ကားက မိုင်းထိ လွင့်ထွက်သွားတယ်။ တဦးတော့ ဒဏ်ရာ ပြင်းထန်တယ်”လို့ ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် လူမှုကယ်ဆယ်ရေးအသင်းကားမောင်းသူတယောက်ဟာ လည်ပင်း ဒဏ်ရာ ၃ ချက်နဲ့ နောက်ကျောအပါအဝင် ဇက်ပိုးတွေမှာလည်း မိုင်းစ ဒဏ်ရာရခဲ့ပြီး လက်ရှိမှာ မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။
လူမှုကယ်ဆယ်ရေးအသင်းကားတွေကို ဘယ်အဖွဲ့အစည်းက တိုက်ခိုက်တာဖြစ်စေ လုံးဝ လက်မခံနိုင်ကြောင်းနဲ့ အခုလို လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဇွန် ၉ ရက်ကလည်း ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းလူမှုကယ်ဆယ်ရေးအသင်းကား ပစ်ခတ်ခံရတာကြောင့် အသင်းဝင် ကိုပြည့်ဖြိုးအောင်ဟာ ဆီးအိမ်ကျည်ဖောက်ထွက် ဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။