
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲလောက်က ဒေသခံ အမျိုးသား လေးယောက်နဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ Kawlin Info အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မျက်မြင် ကောလင်းဒေသခံ အမျိုးသားတယောက်က “ကောလင်းမြို့တောင်ဘက် ဇီးကနားရွာက အမျိုးသား လေးယောက်နဲ့ မိန်းကလေး တယောက်ကို ကြိုးတုပ်ဖမ်းသွားတယ်။ ညနေ ၆ နာရီခွဲလောက် စစ်တပ် ပေါက်ကုန်းရွာဘက်ထွက်ချိန် အဝေးကနေ မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ မြင်လိုက်ရတာ” လို့ ပြောပါတယ်။
ဇီးကနားရွာဘက်က စစ်ကောင်စီတပ်ဟာ ပေါက်ကုန်းရွာဘက်ထွက်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ရွာထဲပြန်ဝင်လာတဲ့သူတွေကိုလည်း ဒရုန်းနဲ့ လိုက်ကြည့်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၇ ရက်ကလည်း ကိုးတောင်ဘို့ အနောက်ဘက် ဇီးကနားရွာ၊ နှောကုန်းရွာတွေကို လေကြောင်းကနေ ပစ်ခတ်ကာ ရွာကိုဝိုင်းထားလို့ ရွာသူ ရွာသားတွေ ရွာထဲမှာ ပိတ်မိနေခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။