Home
မေးမြန်းခန်း
ကလေး၊ မြင်းမူနှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
September 9, 2022

စစ်ကိုင်းတိုင်း ကလေးမြို့၊ မြင်းမူနဲ့ ချောင်းဦးမြို့နယ်တို့မှာ စက်တင်ဘာ ၈ ရက်နေ့က စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

ကလေးမြို့ ချမ်းမြေ့အောင်စည်လမ်းပိုင်းမှာ စက်တင်ဘာ ၈ ရက်နေ့ မနက် ၁၀ နာရီခွဲလောက် စစ်ကောင်စီတပ်ဖွဲ့ကား ၂ စီးကို ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်‌ကား ၂ စီးဟာ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ သီလှရှင်ကျောင်းနဲ့ ဘိုးဘွားရိပ်သာဘက်ကနေ ချမ်းမြေ့အောင်စည်လမ်းအတိုင်း မောင်းနှင်လာပြီး ပတ်လွှသစ်စက်ဝန်းအနီးအရောက်မှာ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ အရာရှိအဆင့်အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People's Defence Force (Kalay) က ထုတ်ပြန်ထားပါတယ်။

"အသင့်ပြင်ထားတဲ့ ပွိုင့်မှာ မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ တပ်က အရာရှိအဆင့်နဲ့ ရန်သူတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိတယ်။ အကျိုးကန်းဒဏ်ရာရသွားသူတွေလည်း ရှိတယ်လို့ ကနဦး သိထားရပါတယ်ဗျ။ အရေတွက်အတိကျကိုတော့ စုံစမ်းနေပါတယ်။ မိုင်းဆွဲခံရတော့ ဘေးကိုရမ်းပြီး ပစ်တော့ရှိတယ်။ ကျနော်တို့တပ်ဖွဲ့ဝင်တွေတော့ အထိခိုက်မရှိခဲ့ဘူး" လို့ ကလေးမြို့နယ် PDF မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ ချမ်းမြေ့အောင်စည်ရပ်ကွက်အတွင်း ပိတ်ဆို့ပြီး နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ရှာဖွေကာ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့ မနက်ကလည်း တမူးမြို့ဘက် ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကား ၅ စီးကို ကလေး - တမူးလမ်းရှိ ကန်သာကျေးရွာတောင်ဘက် ကျွန်းစိုက်ခင်းအနီးမှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၈ ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ရေပိုးစားကျေးရွာကြားမှာ မိုင်းရှင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးပြီး အများပြားဒဏ်ရာရသွားတယ်လို့ B.C အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

‌"မိုင်းရှာစက်တွေနဲ့ လာရှာတာ။ ပွိုင့် ၅ နေရာမှာ ၃ နေရာဖြုတ်သိမ်းခံလိုက်ရတယ်။ ကျန်တဲ့ ၂ ပွိုင့်က ၅ လုံးတွဲမြှုပ်ထားတဲ့ နေရာနဲ့ ၄ လုံးတွဲမြှုပ်ထားတဲ့ နေရာတွေပါ။ အဲ့ဒီ ကျန်တဲ့ ပွိုင့်တွေကိုပါ မိုင်းဖြုတ်နေတုန်း ဖောက်ခွဲခဲ့တာ။ ရန်သူတပ်ဖွဲ့ဝင် အယောက် ၂၀ အဲ့ဒီမှာပဲ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာအပြင်းထန်ရတဲ့သူတွေလည်း များတယ်။ အဲ့ဒီထဲက ထပ်သေရင်တော့ အလောင်းအရေတွက် ဒီ့ထက်များနိုင်တာပေါ့ဗျာ" လို့ B.C အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို B.C အထူးပြောက်ကျားတပ်ဖွဲ့၊ လျှပ်တပျက် စွန်ညိုအဖွဲ့၊ ဗိုလ်တောက်ထွန်းအဖွဲ့ (MBTT)၊ ဗိုလ်နေတိုးအဖွဲ့ (MNT) ၊ Aung San Force၊ MS PDF၊ CRA တပ်ခွဲ ၂နဲ့ CLDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့လယ် ၂ နာရီခွဲလောက်ကလည်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာနဲ့ ကံပြားကျေးရွာကြားမှာ ‌စစ်ကောင်စီတပ်ဖွဲ့ကား ၁ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၁၀ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ထားပါတယ်။

"ပဒေသာမိုင်း စုစုပေါင်း ၁၀ လုံးနဲ့ ဟိုဘက်ဒီဘက် ညှပ်ပြီး ဖောက်ခွဲတိုက်ခိုက်တာပါ။ မိုင်းကွင်းထဲမှာတင် စကစတပ်ဖွဲ့ဝင် ၃ ယောက်သေတယ်ပြီး ထိခိုက်ဒဏ်ရာရသွားတာတွေလည်း များတယ်။ အထိနာသွားတော့ ရမ်းပစ်ပေမယ့် ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေ အထိခိုက်မရှိခဲ့ပါဘူး။ ပြည်သူရဲ့ မေတ္တာတရားကြောင့် ဘေးကင်းခဲ့ပါတယ်" လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုဟာ "တောကျီးကန်း စစ်ဆင်ရေး" ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ၊ Zero Power တော်လှန်ရေးအင်အားစု (စစ်ကိုင်း) နဲ့ နွေဦးရဲဘော်အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ကလည်း မန္တလေး - မုံရွာလမ်းရှိ ချောင်းဦးမြို့နယ် ‌နတ်ရေကန်နဲ့ ရေပိုးစားကျေးရွာကြားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့‌တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024