
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကွမ်းအုံစုရွာမှာ စက်တင်ဘာ ၈ ရက် ညနေပိုင်းက ဒေသခံတယောက် မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မိုင်းနင်းမိသူရဲ့ အစ်ကိုက “ကွမ်းအုံစုရွာနားကတောင်မှာ ခုတ်ပြီးသားဝါးတွေကို သွားထမ်းတဲ့ ကျနော့်ညီ ကိုဘရွှေ စက်တင်ဘာ ၈ရက် ညနေ ၄ နာရီလောက်မှာ မြေမြှုပ်မိုင်း နင်းမိပြီး ခြေ တဖက်ပြတ်သွားတယ်။ ပုဏ္ဏားကျွန်းက ယိုးတရုတ်ဆေးရုံ ပို့ထားတယ်” လို့ပြောပါတယ်။
အဲဒီလမ်းဟာ ရွာသားတွေ မြစ်ချိုး၊ ဟင်းသီးဟင်းရွက်ရှာဖွေ၊ ဝါးခုတ်၊ နွားကျောင်းသွားတဲ့ အမြဲတမ်း အသုံးပြုနေကျလမ်းဖြစ်ပြီး မနက်ပိုင်းက ရွာသား ၆ ယောက် ဝါးထမ်းသွားပေမဲ့ ဘာမှမဖြစ်ခဲ့ဘူးလို့ သူက ပြောပါတယ်။
အခု ခြေပြတ်သွားတဲ့ ညီဖြစ်သူမှာ သား ၃ ယောက်နဲ့ သမီး ၂ ယောက်ရှိပြီး ဇနီးဖြစ်သူကတော့ ကလေးငယ်နဲ့ဖြစ်လို့ ဆေးရုံကို မလိုက်လာနိုင်ဘူးလို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာမှာ မြေမြှုပ်မိုင်းနင်းမိလို့ ခြေပြတ်သူ ၃ ယောက်လောက်ရှိနေတယ်လို့ သိရပါတယ်။
လက်တလော စစ်ကောင်စီတပ်ဟာ ဆတုံးတောင်(ခေါ်)နနွင်းတောင်မှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သြဂုတ်လအတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၆၆ ယောက် သေဆုံးခဲ့တယ်လို့ AA က သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။