
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စက်တင်ဘာ ၈ ရက် ညနေပိုင်းက နယ်ထိန်းရဲ ဒုရဲအုပ်သိပ္ပံဟာ စစ်တွေဆေးရုံးကြီးအနီး မီးပွိုင့်မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေးဆုံးခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုက်အဝန်းက အတည်ပြု ပြောပါတယ်။
နယ်ထိန်း ဒုရဲအုပ်သိပ္ပံဟာ မနေ့ညနေပိုင်း ၆ နာရီခွဲလောက်မှာ မီးပွိုင့်ဖြတ်ဖို့ စောင့်ဆိုင်နေချိန် အမည်မသိ သေနတ်သမားက သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်ပြီး နားထင်မှာ သေနတ် ဒဏ်ရာ ၂ ချက်နဲ့ စစ်တွေဆေးရုံမှာ သေဆုံးသွားတာလို့ ရဲနဲ့နီးစပ်သူ တစ်ဦးကပြောပါတယ်။
"နယ်ထိန်း ဒုရဲအုပ် သိပ္ပံက သူမိန်းမရယ် သမီးကလေးရယ်နဲ့ စစ်တွေဆေးရုံးကြီးအနီးက မီးပွိုင့်မှာ မီးနီနေတာကြောင့် ဖြတ်ဖို့စောင့်နေကြတာ သိရတယ်။ အဲဒီမှာ သေနတ်နဲ့ ပစ်ခတ်သွားတာလို့သိရတယ်။ ဇနီးနဲ့ သမီးဖြစ်သူကတော့ မထိခိုက်ဘူး။ ဒုရဲအုပ် သိပ္ပံကတော့ ဆေးရုံးအရောက်မှာဆုံးသွားတာ။ အခုတော့ ရင်ခွဲရုံကို ပို့ထားတယ်" လို့ပြောပါတယ်။
နယ်ထိန်း ဒုရဲအုပ် သိပ္ပံကို ဘယ်အဖွဲ့အစည်းက ပစ်သတ်ခဲ့တာဆိုတာ မသိရသေးဘဲ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တွေလမ်းမတွေမှာ လူအသွားအလာ နည်းပါးသွားပါတယ်။