Home
မြန်မာသတင်း
ရွှေဒင်္ဂါးပြားများ ရောင်းချပေးခဲ့သော်လည်း ပြည်တွင်းရွှေစျေး ပြန်မြင့်တက်
DVB
·
September 8, 2022

ရွှေစျေးနှုန်းကို ထိန်းဖို့ ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးခဲ့ပေမဲ့ ပြည်တွင်းရွှေစျေး ၁ ကျပ်သားကို ကျပ် ၃၁သိန်းခွဲကနေ ၃၂ သိန်းကြား ပြန်လည်မြင့်တက်လာပါတယ်။

စစ်ကောင်စီက နေပြည်တော်မှာ ရွှေဒင်္ဂါးပြားတွေကို စတင်ရောင်းချပေးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က  ပြင်ပရွှေစျေး ၁ ကျပ်သားကို ကျပ်သိန်း ၃၀ ကနေ ၃၁ သိန်းကြားသာ ရှိခဲ့ပေမဲ့ ၃ ရက်အကြာ ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ၁ ကျပ်သားကို ငွေကျပ် ၃၁ ကနေ ၃၂ သိန်းကြား ပြန်မြင့်တက်လာတာပါ။

စစ်ကောင်စီရဲ့ ရွှေဒင်္ဂါးပြားရောင်းပေးပြီး စျေးနှုန်းထိန်းချုပ်တဲ့ အစီအမံဟာ စျေးကွက် လိုအပ်သလောက် ရောင်းချပေးနိုင်တာ မဟုတ်ရင် အလုပ်မဖြစ်နိုင်ဘူးလို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေကတော့ ထောက်ပြထားကြပါတယ်။

စစ်ကောင်စီက ပြည်တွင်းရွှေစျေး အမြင့်ဆုံးရောက်ရှိချိန်မှာ ရွှေစျေးကွက်ကို ထိန်းချုပ်ဖို့အတွက် ၁ ကျပ်သား၊ ၅ မှုးသားနဲ့ ၁ မတ်သားရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို နေပြည်တော် ကျောက်မျက်ရတနာ ပြတိုက်ခန်းမမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက်နေ့ကစပြီး ရောင်းချပေးခဲ့ပါတယ်။

၁ ကျပ်သားရှိတဲ့ ရွှေဒင်္ဂါးတပြားကို ငွေကျပ် ၂၉ သိန်း ၅ သောင်းကျပ်နဲ့ ရောင်းချပေးခဲ့ပြီး လူတဦးကို ၁ ကျပ်သားနှုန်း မှတ်ပုံတင်နဲ့ ဝယ်ယူခွင့်ပေးခဲ့တာပါ။ အဲဒီနေ့က ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်နှုန်းထားက ရွှေ ၁ ကျပ်သားကို ကျပ်သိန်း ၂၀၊ ၆ ထောင်ကျပ်ဖြစ်ပေမဲ့  ကျပ် ၁၀ သိန်းနီးပါးပိုများပြီး စျေးသတ်မှတ် ရောင်းချခဲ့တာပါ။ ရန်ကုန်နဲ့  မန္တလေးမြို့တို့မှာလည်း ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးသွားမယ်လို့ သိရပေမဲ့ လက်ရှိအချိန်ထိတော့ မရောင်းချသေးပါဘူး။

ပြင်ပစျေးကွက်မှာ ကုန်သည်အချင်းချင်းကြား ရွှေအရောင်းအဝယ်ကလည်း စျေးကွက်ပျက်နေတဲ့ အနေအထားမှာ ရှိနေပြီး ရောင်းရ၊ ဝယ်ရခက်နေတာကြောင့် မှောင်ခိုစျေးကွက်မှာ အနည်းငယ်ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

အရင်က ရန်ကုန်တိုင်း ရွှေကုန်သည်အသင်းရုံးမှာ တရားဝင် ရွှေအရောင်းအဝယ်တွေ ပြုလုပ်ခဲ့ကြပေမဲ့ ရွှေစျေးကွက်ပျက်ပြီးတဲ့နောက်ပိုင်း အသင်းရုံးမှာ အရောင်းအဝယ် ပြုလုပ်မှုမရှိသလောက် ဖြစ်သွားတယ်လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"မှောင်ခိုအရောင်းအဝယ်တွေကတော့ နည်းနည်းပါးပါးဖြစ်နေကြပါတယ်။ ဟိုးအရင်ကတော့  အသင်းရုံးမှာပဲ တရားဝင် ရောင်းကြဝယ်ကြတာ။ နောက်ပိုင်း အသင်းရုံးမှာ အလုပ်မဖြစ်တာ တော်တော်လေး ကြာပါပြီ။"

စစ်ကောင်စီက ဒေါ်လာကိုင်ဆောင်သူတွေထံက ငွေကြေးကို ဗဟိုဘဏ်သတ်မှတ်နှုန်းထားနဲ့ တရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်သိမ်းယူဖို့  လုပ်ဆောင်ခဲ့ပြီးနောက်မှာ ဒေါ်လာနဲ့ရွှေစျေး တရှန်ထိုး မြင့်တက်လာခဲ့တာဖြစ်ပြီး မှောင်ခိုစျေးကွက် ဖြစ်ပေါ်လာခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအပေါ် လူထုယုံကြည်မှု ကျဆင်းလာတဲ့အပြင် စစ်ကောင်စီရဲ့ ဒေါ်လာငွေအပေါ် ထိန်းချုပ်မှုတွေကြောင့် အမြင့်ဆုံးနှုန်းနဲ့ တရိပ်ရိပ်တက်နေတဲ့ ဒေါ်လာငွေစျေးဟာ သြဂုတ် ၃၁ ရက်နေ့က ကျပ် ၅၀၀၀ နီးပါးအထိ ပြင်ပစျေးကွက်မှာ ရောက်ရှိခဲ့ပြီး ဒေါ်လာစျေးနဲ့ ချိတ်ဆက်နေတဲ့ ရွှေစျေးကလည်း ကျပ် ၃၅ သိန်းကျော်ထိ  စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

စစ်ကောင်စီက ငွေကြေး စျေးကွက်အတွင်းကို ဒေါ်လာသန်း ၂၀၀ ချထားပေးမယ်လို့ ကြေညာပြီးတဲ့နောက်  ဒေါ်လာစျေးနဲ့အတူ ရွှေစျေး ပြန်ကျခဲ့ပေမဲ့ အခုအခါ တရိပ်ရိပ် ပြန်လည်မြင့်တက်နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024