မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက CDM ကျန်းမာရေးမှူး တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ပေါက်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ပေါက်မြို့ အောင်တံခွန်ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ အပေါင်းပါတွေက CDM ကျန်းမာရေးမှူး ဒေါ်သန်းသန်းအောင်ကို ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
ကျန်းမာရေးမှူး ဒေါ်သန်သန်းအောင်ဟာ ခင်ရှည်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ထားကာ ဒလန်တွေရဲ့ သတင်းပေး တိုင်ကြားချက်ကြောင့် မြို့ပေါ်ကနေအိမ်ကို ပြန်တဲ့အချိန်မှာ PDF ကို ဆေးကုသပေးတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းသွားတာလို့ ဆိုပါတယ်။
အဲဒီဆရာမကို ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြပြီး အခုအချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးသလို ဘာပစ္စည်းမှလည်း ပို့ပေးလို့မရသေးဘဲ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရမှာကို မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၃၂၉ ယောက်ရှိပြီး အဲဒီထဲက ၁,၄၄၇ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။