
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာမှာ စက်တင်ဘာ ၆ ရက် မနက်ပိုင်းက ရွာသား ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကျေးရွာကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာယာကုန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာ ဒေသခံ အမျိုးသား ၁၀ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ဒေသခံ ၁၀ ဦးလောက် ဖမ်းသွားတယ်။ သူတို့က မှိုနှုတ် ဟင်းရွက်ခူး လုပ်နေတဲ့သူတွေ။ ကျနော်ထင်တာကတော့ လက်နက်ပစ္စည်း ထမ်းခိုင်းဖို့ ထင်တယ်။ တပ်ကတော့ ကျောက်ကြီးရွာဘက် ထွက်သွားတယ်။ ရွာက အိမ်တလုံးကိုလည်း မီးရှို့သွားတယ်။ ကျနော်တို့လည်း ဘေးလွတ်ရာ ပြေးနေရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က နေအိမ်တလုံးကို မီးရှို့ခဲ့တဲ့အပြင် တခြားနေအိမ်နှစ်လုံးအတွင်းက ပစ္စည်းတွေကို ဝင်ရောက်ရိုက်နှက် ဖျက်ဆီးသွားတယ်လို့ဆိုပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး သြဂုတ် ၁၀ ရက်ကလည်း ကျောက်တလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။