တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ တောင်ရင်းအင်းကျေးရွာက အသက် ၅၀ အရွယ် အမျိုးသားတယောက် စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက သူ့နေအိမ်ပတ်ဝန်းကျင်မှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ ဦးနိုင်ဝင်းဖြစ်ပြီး အာဏာမသိမ်းမီ ကာလကတည်းက တောင်ရင်းအင်းရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ဆက်စပ်ပြီး ဒေသခံတယောက်က “သူက အုပ်ချုပ်ရေးမှူးဆိုတာထက် အရပ်လူကြီးပုံစံပေါ့၊ တခြားအုပ်ချုပ်ရေးမှူးတွေ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံတာမျိုးတော့ ရှိတယ်” လို့ ပြောပါတယ်။
အခုပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားတယ် ဆိုတာကို မသိရသေးပါဘူး။
စက်တင်ဘာ ၇ ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ တောင်ရင်းအင်းရွာအတွင်း ဝင်ရောက်ပြီး စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ဖားချောင်းကျေးရွာအုပ်စုက စစ်တပ်သတင်းပေးဆိုသူ နှင်းဆီပါတီဝင် ဦးကျော်ဦး အသတ်ခံရပြီး လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ရေဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လက ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့မှန်းမသိဘဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ဖြစ်စဉ် ၅ ခုထက်မနည်း ရှိတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။