Home
မြန်မာသတင်း
မြဝတီ - ဝေါလေလမ်းတလျှောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
DVB
·
September 8, 2022

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ်က မြဝတီ - ဝေါလေလမ်းတလျှောက်မှာ စက်တင်ဘာ ၇ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် နေတယ်လို့  KNLA  ကော်ဘရာစစ်ကြောင်းက  သတင်းထုတ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘုရားမှာ အခြေပြုပြီး  ၁၂၀ မမ လက်နက်ကြီးနဲ့  မြဝတီ - ဝေါလေ ကားလမ်းမ တလျှောက် မနေ့ မနက် ၉ နာရီခွဲလောက်မှာ တကြိမ်၊ ညနေ ၃ နာရီလောက်မှာ တကြိမ်၊ ည ၈ နာရီခွဲလောက်မှာ တကြိမ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် လူတွေထိခိုက် ဒဏ်ရာရတာမရှိပေမဲ့ အများပြည်သူလူထုသွားလာတဲ့ လမ်းမကြီးမှာ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ‌ ဖော်ပြပါတယ်။

မနေ့ညကလည်း မြဝတီမြို့တောင်ဘက်ရှိ  မေတ္တာလင်းမြိုင်စခန်း၊ လေးကေ့ကော် လက်နက်ကြီးကုန်းနဲ့ ကစောဝါးလေးစခန်း နေရာတွေကနေလည်း စစ်ကောင်စီတပ်တွေက တရုတ်နိုင်ငံထုတ် ၁၂၂ မမ လက်နက်ကြီးတွေနဲ့  အနီးနားပတ်ဝန်းကျင် တောတောင်တွေထဲကို ပစ်ခတ်ခဲ့ပါတယ်။

မနေ့ညက ပစ်ခတ်မှုတွေကို မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကနေ အသံကြားရလို့ စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်လို့မဲဆောက်မြို့မှာနေထိုင်တဲ့  မြန်မာအသိုက်အဝန်းကနေ သိရပါတယ်။

စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်တွေမှာလည်း စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ   ခမရ (၁၀၂) နဲ့ အမြောက်တပ်က ပစ်ခတ်ခဲ့လို့ ကော်ဘရာစစ်ကြောင်း လုံခြုံရေး တာဝန်ယူထားတဲ့ သဲဖြူချောင်းလမ်းဆုံနဲ့ နေရာတချို့ကို  လက်နက်ကြီးကျည်ကျပြီး ကော်ဘရာစစ်သည် နှစ်ယောက်  ခဲစထိမှန် မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ကျုံဒုံးမြို့မှာတော့ မြို့ရဲ့ အရှေ့ဘက် ကိုက် ၃၀၀ လောက်မှာရှိတဲ့ ‌စစ်ကောင်စီ တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၈ ရက် ည ၁၂ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ PDF တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က  လက်ဦးမှုယူပြီး ရှေ့ထွက်မိုင်းအသုံးပြု တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပေမဲ့ အရေအတွက် အတည်ပြုနိုင်ခြင်းတော့ မရှိဘူးလို့  KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှာတော့  လေးကေစစ်ကောင်စီစခန်းကို နေရာလဲလှယ် တပ်အပြောင်းအလဲလုပ်တဲ့ စစ်ကောင်စီတပ် ခမရ- ၄၀၁၊ ခမရ-၄၁၀ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက  ဝင်းတာပန်စစ်ကောင်စီစခန်းသို့ အပြန်လမ်းမှာ ဒေသခံအရပ်သား ၉ ယောက်ကို  အဓမ္မဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့တယ်လို့ KNU ကသတင်းထုတ်ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ကားမဲကျေးရွာနဲ့ တာပေါခီးကျေးရွာတို့မှ ရွာသား ခြောက်ယောက်၊ နော့ကတိုခီးမှ ရွာသား တယောက် ၊ ကျောက်တောင်ရွာသား တယောက်၊ နို့တလာအောက တယောက်  စုစုပေါင်း  ၉ ယောက်ဖြစ်ပြီး နောက်ပိုင်းမှာ ခြောက်ယောက်ကို ပြန်လွှတ်ပေးခဲ့ တယ်လို့ သိရပါတယ်။

လတ်တလော ကော့ကရိတ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေ အင်အား ၁၀၀ လောက်နဲ့  ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့အတွက် ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်ပြီး  စစ်ရေးတင်းမာနေ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024