တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း ထီးခီးနယ်စပ်ဂိတ် ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းနဲ့ ထားဝယ်အရှေ့တောနယ် ကားလမ်းမကြီးကို စက်တင်ဘာ ၆ ရက်ကနေ အောက်တိုဘာ ၅ ရက်အထိ တလအတွင်း ညဘက်တွေမှာ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ပါတယ်။
လက်ရှိ အဲဒီကားလမ်းမတွေနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ညနေ ၆ နာရီကနေ မနက် ၆ နာရီအအတွင်း ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မဟာ တပ်ရင်း ၂ တို့က ပူးတွဲထုတ်ပြန်ထားတာပါ။
ခရီးသွားတွေအနေနဲ့ သတ်မှတ်ရက်အတွင်း ထုတ်ပြန်ချက်ကို မလိုက်နာတာ၊ လုံခြုံရေးအရ စစ်ဆေးတာတွေကို လိုက်နာမှုမရှိပါက မသင်္ကာဖွယ်ရာတွေတွေ့ရင် ရှင်းလင်းပစ်မှာ ဖြစ်တဲ့အတွက် ထိခိုက်မှုတစုံတရာ ရှိလာပါက တာဝန်မယူဘူးလို့လည်း ပြောပါတယ်။
အဲဒီကားလမ်းမတွေပေါ်နဲ့ အနီးအနားရှိနေရာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏရှိပြီး လက်ရှိမှာလည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေရှိပေမဲ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကိုတော့ အသေးစိတ် မသိရပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထားဝယ်-ထီးခီး ကားလမ်းမနဲ့ အနီးတဝိုက် ကျေးရွာတွေမှာ ဝင်ရောက်မွှေနှောက်တာ၊ ဘုန်းကြီးကျောင်းတွေမှာ ကင်းပုန်းဝပ် စခန်းချ နေထိုင်တာတွေ ရှိနေပြီး စစ်ကား၊ အိမ်စီးကား၊ မြေသယ်ကားကြီးတွေနဲ့ လှုပ်ရှားသွားလာနေတာတွေလည်း ရှိတယ်လို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး၊ ပြန်ကြားရေးဌာန တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။
အခုလို ထုတ်ပြန်တာဟာ ပြည်သူတွေ သွားရေးလာရေး ခက်ခဲတာတွေ ဖြစ်နိုင်ပေမဲ့ ပြည်သူတွေအပေါ် မလိုလားအပ်တဲ့ အန္တရာယ်တွေ ကျရောက်လာနိုင်တဲ့အတွက် ကြိုတင်တားဆီးရတာလို့ ဆိုပါတယ်။
ထားဝယ်-ထီးခီး ကားလမ်းမကို ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်ကနေ ၁၁ ရက်နေ့အထိလည်း တပတ်တိတိ ဖြတ်သန်းသွားလာတာ မပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ခဲ့ဖူးပါသေးတယ်။
ထိုင်းနိုင်ငံနဲ့ ထားဝယ်ဒေသ ကုန်သွယ်ရေးအတွက် အဓိကအချက်အချာကျတဲ့ ထီးခီးနယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းရဲ့ မြို့တော် ထားဝယ်မြို့နဲ့ ၉၇ မိုင်၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ ၈၇ မိုင်ခန့်သာ ကွာဝေးပါတယ်။