စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကျေးရွာတရွာမှာ ဒေသခံ PDF တွေ ဦးဆောင်ပြီး ကလေးမြို့ ပင်မသပိတ် အဖွဲ့ဝင်တွေနဲ့အတူ တသားတည်းရှိကြောင်း ပြသကာ စက်တင်ဘာ ၇ ရက် မနက်က စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန် ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါဆန္ဒပြပွဲမှာ ပါဝင်တဲ့ ပ.က.ဖ တပ်ဖွဲ့ဝင်တယောက်က “မြို့ပေါ်မှာလည်း သပိတ်အဖွဲ့ဝင်တွေ ဆန္ဒပြနေကြတယ်။ ကျနော်တို့လည်း သပိတ်အဖွဲ့တွေနဲ့အတူ တသားတည်းရှိတယ်။ ဒါကြောင့် သပိတ်အဖွဲ့တွေအနေနဲ့ အားတင်းထားကြပါ။ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီကို ကျနော်တို့အနေနဲ့ စစ်အာဏာရှင် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမယ်” လို့ ပြောပါတယ်။
ဒေသခံ PDF တွေက ‘မီးရှို့စစ်တပ်အမြစ်ဖြတ်’၊ ‘ပြည်သူ့အာဏာ ပြည်သူပြန်ပေး’ စတဲ့ စာတန်းတွေ ကိုင်ဆွဲကာ လူအင်အား ၁၅၀ ကျော်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြ တော်လှန်ခဲ့ကြတာပါ။
ကလေးမြို့နယ်မှာ စစ်ကောင်စီက ဒေသခံကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပါတယ်။