မွန်ပြည်နယ် ရေးမြို့နယ်မှာ ကုန်ဈေးနှုန်းကြီးပြီး ဝါးဈေးမကောင်းလို့ ဝါးခုတ်သမားတွေ စားဝတ်နေရေးတွေ ပိုပြီးခက်ခဲလာနေတယ်လို့ ဒေသခံ ဝါးခုတ်သမားတွေက ပြောပါတယ်။
ဝါးခုတ်သမားတယောက်က “အခု ကုန်စျေးနှုန်းတွေက နယ်စွန်းနယ်ဖျား ဝေးလံခေါင်ပါးတဲ့ ကျေးလက်ဒေသဘက်က မြို့ပေါ်ထက် ဆန်၊ ဆီ၊ ဆေး၊ ဆားတွေက ပိုကြီးတယ်။ ကျေးလက်နေသူတွေက ဝါးခုတ်တဲ့သူကများလာတော့ ဝါးကလည်း တဖြည်းဖြည်း ရှားလာတယ်။ ဝါးဈေးကလည်း သိပ်ပြီးမရတော့ ဝါးခုတ်သမားတွေက အခုကုန်ဈေးနှုန်းနဲ့ဆို တွက်ခြေမကိုက်ကြဘူး” လို့ ပြောပါတယ်။
နောက်ထပ် ဝါးခုတ်သမား တယောက်ကလည်း “ဝါးကုန်ကြမ်းတွေရဖို့ တနေကုန် ဝါးလိုက်ခုတ်မှ ဝါးလုံး တစ်ရာ၊ နှစ်ရာရဖို့ မနည်း ခက်ခဲကြမ်းတမ်း ပင်ပန်းပြီး ကျွဲနဲ့သယ်ရသလို ရေချောင်းဘက်ကိုတခါ ရေမိုင် ၁၀ မိုင်လောက်ရှိတယ်၊ ရေအနက်ကလည်း ပေ ၂ဝ၊ ၃၀ လောက် နက်တယ်။ မိုးတွင်းဘက်ဆို ရေစီးတာကြမ်းတယ်။ ဝါးဒိုင်ရောက်ဖို့ နေ့ဝက်လောက် အချိန်ပေးပြီး သယ်ဆောင်ရတယ်။ လူငှါးခလည်း ပေးရတယ်။ စရိတ်တွေက ကြီးပါတယ်” လို့ ပြောပါတယ်။
ဝါးဒိုင်က တခါ ဝါးအမျိုးအစားကြည့်ပြီး ဈေးကမရ၊ ဝါးရောင်းရပြန်တော့ ငွေက ချက်ချင်းလက်ငင်းမရတဲ့ အခြေအနေနဲ့ ကြုံရတာပါ။
ဒါ့ကြောင့် အိမ်အပြန်ခရီးမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့ကလည်း ငွေမရှိပြန်တော့ ဝါးခုတ်သမားရဲ့ဘဝက အခုလို ကုန်ဈေးနှုန်းကြီးတဲ့ကာလမှာ ရပ်တည်ဖို့မလွယ်ကူဘူးလို့ ဆိုပါတယ်။
ထွက်ရှိလာတဲ့ ဝါးတွေဟာ စျေးကွက်မှာ ကာလတန်ဖိုး ဝါး ၁ လုံး ကျပ် ၄ဝဝ ကနေ ၇၀၀ ကျပ်အထိ ဈေးရရှိပြီး ပင်လယ်ကျားဖောင်နဲ့ ငါးလှန်းစင်တွေ၊ လူနေအိမ်တွေမှာ ဝါးကို ဒီနေ့အထိ မရှိမဖြစ် အဓိက သုံးစွဲနေကြပါတယ်။
ဝါးအများဆုံးထွက်ရှိတဲ့နေရာဟာ ရေးချောင်းဖျား မြောက်ပိုင်းဒေသဘက်ကဖြစ်ပြီး နှစ်စဉ် ဝါးထွက်ရှိမှု သောင်းနဲ့ချီ ရှိနေပါတယ်။