စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာနဲ့ ကံကြီးရွာကြားမှာ စက်တင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်ကို မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မိုင်းအဆွဲခံရတဲ့ စစ်တပ်ဟာ ပုလဲမြို့ပေါ်ကနေ အင်အား ၁၃၀ လောက်နဲ့ အင်မထီးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး အဆိုပါအင်အား ၁၃၀ ထဲမှာ စစ်ကိုင်း အမှတ် ၁၆ ရဲတပ်ရင်းက ရဲတွေလည်း ပါဝင်တယ်လို့ ခိုင်လုံတဲ့သတင်းအရင်းမြစ်တွေဆီကနေ သိရပါတယ်။
“သူတို့က အင်မထီးရွာကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်တာတွေ ပြန်ဆက်ရအောင်လို့ လာရင်း အခုလို မိုင်းအဆွဲခံရတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ ၈ ဦး ဒဏ်ရာရသွားတယ်” လို့ မြေပြင်စစ်ကောင်စီတပ်နဲ့ နီးစပ်သူဝန်ထမ်းတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုသွားတဲ့ စစ်ကြောင်းဂာ ပုံမှန်သွားတဲ့လမ်းအတိုင်း မသွားဘဲ ပုလဲမြို့ရဲ့ တောင်ဘက် ချောင်းရိုးအတိုင်း စစ်ကြောင်းထိုးလာတာလို့ ဒေသခံ ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက ပြောပါတယ်။
“မိုင်းက ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ မိုင်း ၂ လုံးက ကျားသစ်အဖွဲ့က ဆွဲတာ။ ကျန် ၄ လုံးကတော့ ကျနော်တို့ ဒေါင်းနက်အဖွဲ့က မိုင်းဆွဲခဲ့ကြတာဗျ။ စစ်ကောင်စီရဲ့တပ်ကတော့ အသေအပျောက်ကတော့ မရှိဘဲ ၈ ဦး ဒဏ်ရတယ်လို့တော့ နောက်ပိုင်း သတင်းရထားတယ်ဗျ။ သူတို့က ကျနော်တို့ မိုင်းဆွဲပြီး ရှေ့ဆက်မတိုးဘဲ မကျည်းခွကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားတယ်ဗျ။ အခု အင်မထီးကျေးရွာကို ရောက်ရှိနေတယ်လို့ သတင်းထပ်ရောက်လာတယ်” လို့ ဒေါင်းနက်အဖွဲ့တာဝန်ရှိသူ ဆရာပေက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ပုလဲမြို့ပေါ်နဲ့ ပျူအားကောင်းတဲ့ရွာတွေမှသာ တပ်စွဲနေထိုင်နိုင်ပြီး ပုလဲမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်က ထိန်းချုပ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။