Home
မြန်မာသတင်း
ယခုနှစ် ကြံခုတ်ရာသီ ကြံ ၁ တန် ငွေကျပ် ၉၀,၀၀၀ အထိ ဈေးဖွင့်
DVB
·
September 7, 2022

၂၀၂၂−၂၀၂၃ လက်ရှိ ကြံခုတ်ရာသီအတွက် သကြားစက်ရုံတွေက  ကြံတန်ချိန် တစ်တန်ကို ငွေကျပ် ၉၀,၀၀၀ အထိ ဈေးဖွင့်ထားကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်သကြားစက်ရုံနဲ့ ငွေရည်ပုလဲသကြားစက်ရုံတို့က ကြံ တစ်တန်ကို ကျပ် ၉၀,၀၀၀ ဈေးနှုန်းနဲ့ဝယ်ယူမယ်လို့ တောင်သူတွေကို မကြာသေးခင်က အသိပေး ကြေညာထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂  ခုနှစ်  ကြံရာသီမှာ သကြားစက်ရုံတွေက ကြံတစ်တန်ကို ၆၅,၀၀၀ ကျပ်သာ သတ်မှတ်ပေးခဲ့ပေမဲ့ အခုနှစ်မှာ သကြားဈေးနှုန်း မြင့်တက်နေတာ၊ တောင်သူတွေ ရင်ဆိုင်နေရတဲ့ သွင်းအားစုစရိတ် ကြီးမြင့်နေတာတွေကြောင့် ခုလိုဈေးနှုန်းတိုးမြှင့်ဝယ်ယူလာတာဖြစ်တယ်လို့ ကြံ၊ သကြားလုပ်ငန်းရှင်တွေထံက သိရပါတယ်။

အောင်လံဒေသခံ သကြားစိုက်တောင်သူတစ်ဦးက “သကြားစက်ရုံတိုင်းက အဲဒီဈေးမပေးဘူး။ ဒီနှစ် ကြံဈေးမြှင့်ပေးမယ်ဆိုလည်း မြေသြဇာဈေးက လိုက်တက်နေတာ။ အခုတောင် တစ်အိတ်ကို ၁ သိန်းကျော်တယ်။ ပြီးတော့ စက်သုံးဆီဈေး၊ မျိုးဈေး၊ ကားခ၊ ခုတ်တင်ခ အကုန်တက်နေတာ။ အခုနှစ်တော့ စက်ရုံတွေက တောင်သူကို ဈေးပေးလို့ရသလောက် ပေးစေချင်တယ်” လို့ ပြောပါတယ်။

အခုနှစ်က သကြားဈေးကောင်းပေမဲ့  မြေဆီဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း စတဲ့ သွင်းအားစုစရိတ်တွေက အဆမတန်မြင့်တက်နေတာကြောင့် သကြားစက်ရုံတွေက ကြံ ၁ တန် ဈေးနှုန်းကို ပေးနိုင်သလောက် တိုးမြှင့်ပေးဖို့အတွက် ကြံစိုက်တောင်သူတွေက မျှော်လင့်နေကြတာပါ။

အခုနှစ် ပြည်တွင်းသကြားဈေးကတော့  ဈေးကွက်မှာ လက်ကျန်နည်းနေတာ၊ ပြည်ပနိုင်ငံတွေက သကြား ၀င်ရောက်မှုမရှိတာကြောင့် ၄ နှစ်အတွင်း အမြင့်ဆုံးဈေးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၉−၂၀၂၀ ရာသီမှာ သကြား ၁ ပိဿာဈေးနှုန်းက ကျပ် ၁၀၀၀ အောက်မှာပဲရှိခဲ့ပြီး၊ အခုနှစ်မှာ ၁ ပိဿာကို ကျပ် ၂၂၅၀ ထိ စံချိန်တင် မြင့်တက်နေတာပါ။

သကြားဈေးကောင်းတဲ့အတွက် နောက်လာမယ့် ၂၀၂၃ -၂၀၂၄ ကြံရာသီမှာ ကြံစိုက်ဧက တိုးတက်လာဖို့ သကြားစက်ရုံပိုင်ရှင်တွေက ကြံစိုက်တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ချေးပေးနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ သကြားထွက်ရှိတဲ့ ပမာဏက တစ်နှစ်ကို တန်ချိန် ၃ သိန်းကနေ  ၅ သိန်းကျော် အထိရှိပါတယ်။ အခုဘဏ္ဍာနှစ်အတွင်းမှာ  ဗီယက်နမ်နိုင်ငံကို သကြားတန်ချိန် ၃၀,၀၀၀ ကျော် တင်ပို့ထားတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ ကြံသီးနှံကို ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အများဆုံး စိုက်ပျိုးပြီးတော့ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်း အထိုက်အလျောက် စိုက်ပျိုးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024