ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊ မဟာမြိုင်လမ်းရှိ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၆ ရက် မနေ့ည ည ၈ နာရီလောက်က အမည်မသိ သေနတ်ကိုင်ဆောင်သူတွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရာအိမ်မှူး တစ်ယောက် သေဆုံးပြီး ဒဏ်ရာရသူ တချို့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညက အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသားနှစ်ယောက်က လာရောက် ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတစ်ဦးက"ရုံးထဲဝင်ပစ်တာမဟုတ်ဘူး။ ရုံးဝင်ပေါက်ကနေ အထဲကိုပစ်တာ ရာအိမ်မှူးတစ်ဦး ကျည်သုံးချက်မှန်ပြီး သေသွားတယ်"လို့ ပြောပါတယ်။
ရွှေပြည်သာ ၉ ရပ်ကွက်မှာနေသူတစ်ဦးက “သေနတ်သံတွေ ဆက်တိုက်ကြားရပြီး လူနာတင်ယာဥ်သံတွေ ကြားတယ်။ သေတဲ့သူရော ဒဏ်ရာရတဲ့သူတွေရောရှိတယ်။ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်တာ”လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စစ်ကားနှစ်စီးနဲ့ရောက်လာကာ မဟာမြိုင်လမ်းနဲ့ သံလမ်းတစ်လျှောက်စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက် ဘုရင့်နောင်လမ်းမ ရေချမ်းစင်မှတ်တိုင်အနီးရှိ အုပ်ချုပ်ရေးမှူးဟောင်းပိုင်တဲ့ ဘီယာဆိုင်မှာ စက်တင်ဘာ ၄ ရက် ညပိုင်းကလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့သြဂုတ်လကလည်း ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တွေကို ဖမ်းဆီးခဲ့တဲ့ ရာအိမ်မှူးတချို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။