စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေးအသင်းတွေ၊ NGO အသင်းအဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီအဖွဲ့နဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က သတိပေးထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်တွေ အထိနာနေပြီး စစ်ပမ်းနေကာ တော်လှန်ရေးတပ်သားတွေနဲ့ PDF အင်အားစုတွေကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဖြိုခွင်းဖို့ အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ လူသားဒိုင်းပြုလုပ်တာ ဘာသာသာသနာကို ခုတုံးလုပ်အကာအကွယ်ယူတိုက်ခိုက်တဲ့ ဗျူဟာဖော်ဆောင်နေတယ်လို့ မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဆိုပါတယ်။
မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့နဲ့ NGOအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က အကူညီတောင်းခံလာရင် အကူညီပေးတာ၊ ပူးပေါင်း ဆောင်ရွက်တာတွေ လုံးဝ မပြုလုပ်ကြဖို့နဲံ ပြည်သူ့သဘောထားကို ဆန့်ကျင်ပြီး ပူးပေါင်းတဲ့ဘယ်အဖွဲ့ကိုမဆို တိုက်ခိုက် ရှင်းထုတ်သွားမယ်လို့လည်း သတိပေးထားပါတယ်။