
တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက်မှာ စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ Max ဆီဆိုင်အနီးမှာ ဗုံးနှစ်ကြိမ်ပေါက်ခဲ့ရာ လူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
မနေ့ည ရှစ်နာရီက ဂရုဏာလမ်းနဲ့ အနော်မာလမ်းထောင့်ရှိ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ဗုံးပေါက်တာ နှစ်ကြိမ်၊ နာရီဝက်တကြိမ်ပေါက်တာ။ ရပ်ကွက်ရုံးရယ်၊ Max ဆီဆိုင်နားရယ် လူနှစ်ဦး ဒဏ်ရာရတယ်၊ လူနာတင်ယာဥ်နဲ့သယ်သွားတယ်။”
ည ရှစ်နာရီခွဲလောက် သံသုမာလမ်း Max ဓာတ်ဆီဆိုင်အနီးမှာ ဒုတိယအကြိမ် ဗုံးထပ်မံပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
“Max ဆီဆိုင်နားမှာ ဗုံးပေါက်ပြီး စစ်တပ်က ထပ်ရှာတာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး ထပ်တွေ့တယ်လို့ ကြားတယ်” လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူနှစ်ဦးအား သင်္ဃန်းကျွန်းစံပြဆေးရုံကို လူနာတင်ယာဥ် နဲ့ စစ်ကောင်စီတပ်က ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူနှစ်ဦးမှာ အုပ်ချုပ်ရေးပိုင်းကလို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်အရ သိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ မနေ့ကလည်း လှိုင်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံနဲ့ ရွှေပြည်သာမှာ ဗုံးသုံးကြိမ်ပေါက်ကွဲခဲ့ပါသေးတယ်။
ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ်လအတွင်းက ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးပိုင်းက သူတွေအပါအဝင် ၂၃ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။