စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာ စက်တင်ဘာ ၂ ရက်က မူးယစ်ဆေးဝါး ရောင်းသူနှစ်ယောက်နဲ့ သုံးစွဲသူတယောက်တို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ နတ်ချောင်းကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
မူးယစ်ဆေးဝါး ၁၈ ဂရမ် ထည့်ထားတဲ့ ဆေးဘူး ၂ ဘူး၊ ဆပ်ပြာခွက်နဲ့ ထည့်ထားတဲ့ မူးယစ်ဆေးဝါး ၈ ဂရမ်၊ ပင်နီးစလင် ၇ လုံး၊ မူးယစ်ဆေးရောင်းရမှာ အသုံးပြုတဲ့ ၁၂၅ ဆိုင်ကယ်တစ်စီး၊ ဖုန်း ၃ လုံး၊ ငွေကျပ် ၂၇၆၂၀၀ တို့ကိုဖမ်းမိပြီး ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းလိုက်တယ်လို့ နတ်ချောင်း ပကဖ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဟာ ကလေးမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးစစ်ဆေးနေပြီး ဥပဒေနဲ့အညီ အရေးယူနေတာ ဖြစ်ပါတယ်။