
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းကနေ သင်တန်းဆင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ကို ရေးမြို့နယ်မှာ စက်တင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့တယ်လို့ ကေအန်ယူတပ်မဟာ-၆ နဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ကေအန်ယူ ဗဟိုကို ကြေးနန်းတွေ ပို့နေရတုန်းပါ။ အခုဖမ်းလိုက်တဲ့ စစ်သားတွေကို ဘာဆက်လုပ်မယ် ဆိုတာ အခုအချိန်မှာ ပြောလို့မရသေးဘူး။”
ရေးနဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေးမြို့နယ်အခြေစိုက် ခမရ-၃၄၃ က ဖြစ်ကြပြီး အဲဒီထဲမှာ စစ်ထောက်လှမ်းရေးတယောက်လည်းပါတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အဆိုပါစစ်ထောက်လှမ်းရေးကို ပြန်လွှတ်ပေးဖို့ ခမရ- ၃၄၃ တပ်ရင်းမှူးက ကေအန်ယူကို တောင်းဆိုထားပြီး ပြန်မလွှတ်ပါက ဗုံးကြဲမယ်၊ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ အရပ်သတင်းတွေအရ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ရေးမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစု တွေဘက်ကပါ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
စစ်ကောင်စီတပ်ကတော့ ရေးမြို့နယ်အတွင်း PDF တွေရှိနိုင်မယ့်နေရာတွေကို စစ်ကြောင်းထိုး ရှာဖွေနေပေမဲ့ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိသေးပါဘူး။