
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ (၇) ကြိမ် မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်ကိုတက်ရောက်ဖို့အတွက် စက်တင်ဘာ ၄ ရက်က ရုရှားနိုင်ငံမှာ ရောက်ရှိနေပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ရဲ့ ဖိတ်ကြားချက်အရ မနေ့မနက်က အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်နဲ့ နေပြည်တော်တပ်မတော်လေဆိပ်ကနေ ထွက်ခွာသွားတာဖြစ်ပြီး ညနေပိုင်းမှာ ရုရှားကို ရောက်ရှိတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟာ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်မှာဖြစ်တဲ့အပြင် ရုရှားအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ရုရှားနိုင်ငံရှိ အထင်ကရနေရာတွေ၊ တက္ကသိုလ်တွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုလေ့လာမယ်လို့ဆိုပါတယ်။
ဒီခရီးစဉ်မှာ စစ်ကောင်စီအဖွဲ့ဝင် ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ဒုဝန်ကြီးတွေ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူတွေ လိုက်ပါသွားပါတယ်။
Photo -DSINFO