
စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ စစ်ရှောင်ပြည်သူတချို့ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေဟာ ကုန်းမော်ကျေးရွာဒေသခံတွေဖြစ်ပြီး သူတို့ရဲ့နေအိမ်တွေဟာလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေစရာအိမ်မရှိတာကြောင့် တောထဲမှာဖြစ်သလို တဲထိုးနေကြရတဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိပြီး အဲဒီအထဲမှာ အသက် ၅ နှစ်အရွယ်နဲ့ ၁၂ အရွယ် ကလေးငယ်တွေလည်းပါဝင်သလို အမျိုးသမီးတွေလည်း ပါဝင်ကာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ သူတို့ကို စစ်ကောင်စီတပ်ဖွဲ့က ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အဖွဲ့ဟာ ကျော်ရွာကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး အဲဒီတပ်ဖွဲ့ဟာ တောင်တွင်းဒေသကို စက်တင်ဘာ ၁ ရက်နေ့ကတည်းက စတင်ကာ စစ်ကြောင်းထိုးလှုပ်ရှားနေတာကြောင့် ဒေသခံအများအပြားလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
တောင်တွင်းဒေသဟာ မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF အဖွဲ့တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိတဲ့ ဒေသတခုလည်းဖြစ်ပါတယ်။