
မင်းကင်းမြို့နယ်၊ လက်ချိတ်ရွာနဲ့ ပင်နင်းရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးဝမြို့ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အောက်ပိုင်းကို စုန်ဆင်းလာရင်း အခုလို တိုက်ပွဲဖြစ်ခဲ့တာလို့ ပင်နင်းရွာသူတဦးက ပြောပါတယ်။
“နေ့လယ် ၁ နာရီလောက်က ဖြစ်တာဖြစ်မယ်။ ပစ်ကြတာတော့ နှစ်ဖက်လုံးပစ်ကြတာ။ အထိခိုက်ကတော့ ဒေသခံတွေတော့မရှိဘူး။ ပစ်ကြခတ်ကြတဲ့အဖွဲ့တွေကတော့ အကျဆုံး ရှိ၊ မရှိတော့ မသိဘူး။”
စစ်ကောင်စီတပ်ဟာ ချင်တွင်းမြစ်အတွင်းကနေ ဖလပ်မော်တော် ၆ စီးနဲ့ စစ်သင်္ဘော ၁ စီး စုန်ဆင်းလာတာလို့ မကျည်းတိုက်သိမ်းအဖွဲ့ဝင်တဦးက ပြောပါတယ်။
“ပစ်ကြတာဟုတ်ပါတယ်ဗျ။ ကျနော်တို့က သူတို့စုန်လာပြီဆိုတာ နဲ့ သတင်းရတယ်။ နေလယ်ပိုင်း မင်းကင်းမြို့မှာ ခဏကပ်ပြီး ပျူစောထီးတွေ ခေါ်တယ်။ အဲလိုခေါ်ပြီး အောက်ကို ထပ်စုန်လာတဲ့အချိန်မှာ ကျနော်တို့နဲ့ထိတွေ့တာဖြစ်ခဲ့တယ်။ အကျဆုံးကတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။ သူတို့ဘက်ကတော့ ရှိ၊မရှိ အတိကျမသိရသေးဘူး။”
အဆိုပါတိုက်ပွဲမှာ ချင်းတွင်းရိန်ဂျားအဖွဲ့ နဲ့ မကျည်းတိုက်သိမ်းအဖွဲ့အပါဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ကြတာလို့ သိရပါတယ်။
စစ်ကောင်စီ မော်တော်ရေယာဉ် ၆ စီးနဲ့ စစ်သင်္ဘော ၁ စီးဟာ မင်းကင်းမြို့နယ် ပျူစောထီးအားကောင်းတဲ့ တောင်ဖြူရွာနဲ့ ပန်ဆက်ရွာဆိပ်ကမ်းတွေမှာ ညအိပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။