Home
မြန်မာသတင်း
ကလေးမြို့တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
September 4, 2022
305095449_179887407857490_474730830037712884_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်မှာ စက်တင်ဘာ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတယောက် သေဆုံးပြီး တယောက် ဒဏ်ရာရသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ယာဥ် နှစ်စီးဟာ ကလေးမြို့နယ် သုံးအိမ်စုကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အပြန်လမ်းတလျှောက် လက်နက်ကြီး၊ လက်နက်‌ငယ်တွေနဲ့ ပစ်ခတ်ရာမှာ အင်ဒိုင်းကုန်းရပ်ကွက် အမှတ် ၃ လမ်းထောင့်နေထိုင်သူ အသက် ၄၀ ကျော်အရွယ်အမျိုးသားတယောက် ကျည်ထိမှန်သေဆုံးသွားသလို  အဲ့ဒီလမ်းထဲက တခြား အမျိုးသားတယောက်လည်း ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ဒေသခံတဦးက "သူတို့ (စစ်ကောင်စီတပ်ဖွဲ့) တွေ မိုင်းဆွဲခံရလို့ သေသလားတော့မသိဘူး။ အပြန်လမ်းမှာတော့ လက်နက်ကြီးရော ‌သေနတ်တွေနဲ့ပါ ပစ်ခတ်လာတာ။ သေတဲ့လူက သေနတ်သံတွေကြားက ကြောက်အားလန့်အားနဲ့ ဘုရားကျောင်းထဲဝင်ပုန်းရင်း ပစ်လိုက်တဲ့ ကျည်က နံရိုးကြားကနေ ဖောက်ထွက်သွားတာ။ ပွဲချင်းပြီး သေတယ်။ အဲ့ဒီ အမှတ် ၃ လမ်းထဲကနောက်တယောက်လည်း လည်ပင်းနား ကျည်ထိပြီး ဒဏ်ရာရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားသူမှာ သားတယောက်နဲ့ သမီးတယောက်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့်  ဘုရားကျောင်းနဲ့ ရပ်ကွက်အတွင်းက နေအိမ်တချို့ကိုလည်း ကျည်ထိမှန်ခဲ့တဲ့အပြင် အဲ့ဒီညနေပိုင်းက ကလေးမြို့တွင်း နေရာတချို့မှာ ပေါက်ကွဲသံတွေနဲ့ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့  စစ်ကောင်စီတပ်ဖွဲ့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ဩဂုတ် ၂၉ ရက်နဲ့ ၃၀ ရက်ကလည်း ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024