
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ကျေးရွာကို စက်တင်ဘာ ၃ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်က စစ်ကြောင်း ဝင်ရောက်လာလို့ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်တပ်မကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထမ္မရာဇ်ကျေးရွာကို ရောက်လာတာကြောင့် ကျေးရွာသားတွေဟာ စိုးရိမ်ပြီး မြောက်ဦးမြို့ပေါ်နဲ့ နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျေးရွာသားကပြောပါတယ်။
"အခုလာတဲ့ စစ်ကြောင်းက ကျောက်တော်တပ်မနဲ့ သင်းကျိုင်းတောင်မှာ တပ်စွဲနေတဲ့ ခမရ ၃၇၇နဲ့ ၃၇၈ ကစစ်သားတွေ ဘူးရွက်မညိုးကျေးရွာအနီးက စစ်သားတွေနဲ့ ပေါင်းထားတဲ့ စစ်ကြောင်းလို့သိရတယ်။ မနေ့က မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ရုံးမှာနေတဲ့ စစ်သား ၂၉ ယောက်ဟာ မနေ့ကတည်းက စောင့်နေကြတာပါ။ ဒီနေ့နံနက်ပိုင်း ၁၁ နာရီလောက်မှာတော့ ကျောက်တော်နဲ့ ဘူးရွက်မညိုးဖက်ကလာတဲ့ စစ်ကြောင်း အင်အား ၂၀၀ လောက်ရောက်လာကြတာဖြစ်တယ်။ စစ်ကြောင်းတွေ လာတော့ဆိုတော့ ရွာသားတွေကလည်း စိုးရိမ်ပြီးတော့ အကုန်ထွက်ပြေးနေကြရတယ်။ ထွက်ပြေးနေကြရတာကတော့ ရွာက အသက်အပိုင်းတွေနဲ့ လူလတ်ပိုင်းတွေ အကုန်လုံးပဲ ရွာမှာက အမျိုးသမီးတချို့နဲ့ အသက်ကြီးလောက်ပဲကျန်တော့တယ်။ အဲဒီ စစ်ကြာင်းက အခု မြောက်ဦးခရိုင်ရုံးတပ်ဖွဲ့ ရုံးမှာ တပ်စွဲနေကြတယ်"လို့ပြောပါတယ်။
မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ရုံးဟာ မြောက်ဦး ကျောက်ရစ်ကယ် ရပ်ကွက်ရှိ ငွေတောင်ပေါက်မှာ တည်ရှိတာဖြစ်ပြီး ထမ္မရောဇ်ကျေးရွာနဲ့ကပ်နေတာတာဖြစ်ပါတယ်။
ဒါအပြင် စက်တင်ဘာ ၂ ရက်ကလည်း ဘူးရွက်မညိုးကျေးရွာမှာ အင်းအား ၆၀ ကျော်ရှိတဲ့ စစ်ကြောင်းရောက်လာတာကြောင့် ဘူးရွက်မညိုး၊ လက္ကာနဲ့ အောက်သကန်ကျေးရွာက ဒေသခံ ရာချီထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြောက်ဦးမြို့နယ် အောက်သားကန်နဲ့ လက္ကာကျေးရွာအနီးမှာ သြဂုတ် ၂၈ ရက်က စစ်ကောင်စီတပ်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
သြဂုတ် ၂၈ ရက်မှာ တိုက်ပွဲနယ်မြေမဟုတ်တဲ့ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာနဲ့ ထမ္မရောဇ်ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၅ နှစ်အရွယ် ကလေးတယောက်၊ အမျိုသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးကာ ရဟန်းသံဃာအပါအဝင် ဒေသခံ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ ရသေ့တောင်၊ မြောက်ဦးနဲ့ တောင်ကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်နေသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း တိုက်ပွဲ ဖြစ်နေပါတယ်။