
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မြို့မရဲစခန်းကို စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီလောက်မှာ အမည်မသိအဖွဲ့က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆုတောင်းပြည့်ဘုရားတောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်ဟာ မြို့မရဲစခန်းနဲ့ ကပ်လျက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနား ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဆုတောင်းပြည့် ဘုရားတောင်ပေါ်ကို သေနတ်အချက် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံ တဦးက “အရင်ဆုံး အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ပြီးတော့ သေနတ်သံတွေ ဆက်တိုက်ထွက်လာတာ။ အားလုံးက နှစ်ဖက် အပြန်အလှန်ပစ်ခတ်တာလို့ ထင်နေကြတာ။ ပြီးမှ ရဲစခန်းထဲ လက်နက်ကြီး ပစ်ခတ်ရတယ်လို့ သိရတာ။ အကုန်လုံးတော့ ကြောက်လန့် နေကြတယ်”လို့ ပြောပါတယ်။
မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်း လုံခြုံရေး တင်းကျပ်ထားသလို လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ပါတယ်။
ဒေသခံတွေအဆိုအရ အဲဒီတိုက်ခိုက်မှုအတွင်း ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု ရှိ၊ မရှိကို မသိရသေးဘူးလို့ ပြောပါတယ်။
သြဂုတ် ၂၅ ရက်ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့မရဲစခန်းကို အမည်မသိအဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။