Home
မြန်မာသတင်း
နိုင်ငံခေါင်းဆောင် ၂ ဦးအား ထောင်ဒဏ် ၃ နှစ်ချသည့်အပေါ် အာရှရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ ကန့်ကွက်
DVB
·
September 3, 2022

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက ရွေးကောက်ပွဲမသမာမှုနဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့အပေါ်   အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာနေတဲ့ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL)အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာ ၂ ရက်က ကြေညာပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး   သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ စက်တင်ဘာ ၂ ရက်က ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချခဲ့ပါတယ်။

အခုလို ထောင်ဒဏ်အမိန့်ချမှတ်လိုက်တာဟာ စစ်အာဏာရှင်အနေနဲ့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို စိတ်ဝင်စားမှုမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာလို့ ANFREL အဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမသမာမှုဆိုပြီး အခြေအမြစ်မရှိ တရားစွဲဆိုကာ တံခါးပိတ်တရားစီရင်ခဲ့တဲ့အပေါ်မှာလည်း အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်မှာ အန်အယ်လ်ဒီအနိုင်ရခဲ့တာ မဲစာရင်းမှားယွင်းမှုကြောင့်ဖြစ်တယ်ဆိုပြီး သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြသနိုင်ခြင်းမရှိပဲ စွပ်စွဲကာ စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့တာပါ။

မဲစာရင်းမှားယွင်းပါက အာဏာသိမ်းရမယ်လို့ စစ်တပ်စိတ်တိုင်းကျရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပဒေမှာလည်း ပြဋ္ဌာန်းထားမရှိသလို ရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီးလည်း စစ်တပ်မှာ ဝင်ရောက် စွက်ဖက်ဆောင်ရွက်ခွင့်မရှိဘဲ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီး ၉ လလောက်အကြာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ  စစ်ကောင်စီက အသစ် ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (ယူအီးစီ)က သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူ ၁၄ ယောက်တို့ကို ရွေးကောက်ပွဲ မလျော်ဩဇာအသုံးပြုမှုနဲ့ တရားစွဲခဲ့ပါတယ်။

စစ်ကောင်စီ ကော်မရှင်ရဲ့ အပြောအရ ရွေးကောက်ပွဲ မသမာမှုနဲ့ လူပေါင်း ၄၂၂ ယောက်ကို တရားစွဲထားတယ်လို့ သိရပြီး  အန်အယ်လ်အစိုးရလက်ထက်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့  ကော်မရှင် အဖွဲ့ဝင် နှစ်ယောက်ကို  ၂၀၂၂ ခုနှစ် ဇူလိုင်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP ) ရဲ့ စာရင်းအရတော့ ယူအီးစီ ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ဖမ်းဆီးခံထားရတဲ့ ကော်မရှင်အရာရှိပေါင်း ၂၃ ယောက်ရှိတယ်လို့ သိရပါတယ်။ 

လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) ကတော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေအပေါ် နိုင်ငံရေးအရ တရားစွဲဆိုထားတာတွေကို ပယ်ဖျက်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့နဲ့ အရပ်သားအစိုးရလက်ထဲ အာဏာပြန်ပေးဖို့ စစ်အာဏာရှင်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှုမရှိတဲ့အပေါ်စိတ်ပျက်မိကြောင်းနဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  စစ်အာဏာရှင်စနစ်ရပ်စဲရေးနဲ့ စစ်အာဏာရှင်တာဝန်ခံမှုရှိစေရေးအတွက် အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးအရှိန်မြှင့် လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။

ANFREL အဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက  မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေအနှံ့ ရွေးကောက်ပွဲလေ့လာသူကိုယ်စားလှယ်တွေ စေလွှတ်ပြီး စောင့်ကြည့်လေ့လာခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတခု ဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ကပ်ရောဂါကာလအတွင်း ကန့်သတ်ချုပ်ချယ်မှုတွေအပါအဝင် စိန်ခေါ်မှုတွေကို ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး ချို့ယွင်းအားနည်းချက်ရှိခဲ့ပေမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့  စိတ်ဆန္ဒမှန်ကို ထင်ဟပ် ကိုယ်စားပြုတယ်လို့ ANFREL အဖွဲ့ရဲ့ ရွေးကောက်ပွဲအပြီးသတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့  ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာထားပြီး  အခုလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ်ပယ်ဖျက်မှုဟာ တရားမဝင်သလို အသိအမှတ်လည်း မပြုဘူးလို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြန်လည် တုံ့ပြန်ကြေညာထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024