
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ - မန္တလေးလမ်းရှိ နဘဲကြူးဇရပ်နဲ့ ကန်ဖျားဇရပ်ကျေးရွာကြားမှာ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီကား နှစ်စီးဟာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အန်စာတုံးကားတွေဖြစ်ပြီး မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုးညိုတော်လှန်ရေးတပ်ဖွဲ့ Moe Nyo Revolation Force (M.N.R.F) တာဝန်ရှိသူတစ်ဦးက "တပ်မ ၃၃ ဘက်ကနေလာတဲ့ တပ်ဖွဲ့ဝင်တွေပါ။ သတင်းအတိကျရထားလို့ တိုက်ခိုက်ခဲ့တာ။ မိုင်းကွင်းထဲအရောက်မှာ နောက်က ပါလာတဲ့ တစီး ထိသွားတယ်။ ရန်သူအထိခိုက်များနိုင်ပေမဲ့ အရေတွက်အတိကျတော့ မသိရသေးဘူး " လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAMငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နဲ့ PEOPLE REVOLUTION FORCE P.R.F တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကလည်း မြင်းမူမြို့နယ် မုံရွာ - မန္တလေးလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အရာရှိလိုက်ပါလာတဲ့ ကိုယ်ပိုင်ကားတစီးနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ဘောက်ဆာကား နှစ်စီးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်ဘက်ကားတွေကို အသုံးပြုပြီး သွားလာလှုပ်ရှားတာ ပိုမိုပြုလုပ်လာနေပါတယ်။