Home
မြန်မာသတင်း
စစ်အာဏာရှင်ကို ဒေါ်လာရှာပေးနေသည့် MOGE ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူရန် ယူကေနှင့် အမေရိကန်ကို တောင်းဆို
DVB
·
September 1, 2022

မြန်မာစစ်အာဏာရှင်တွေအပေါ် အသစ်ချမှတ်လိုက်တဲ့ ယူကေနိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ မလုံလောက်သေးတဲ့အကြောင်းနဲ့ အထူးသဖြင့် မြန်မာစစ်တပ်ကို အဓိက နိုင်ငံခြားဝင်ငွေ ရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့ Global Witness အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ ၅ နှစ် ပြည့်ပြီးခဲ့တဲ့ အချိန်ထိ အမေရိကန်ပြည်ထောင်စုနဲ့ ယူနိုက်တက်ကင်းဒမ်းတို့ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ မြန်မာစစ်အာဏာရှင်တွေ ရရှိနေတဲ့ အကျိုးအမြတ်နဲ့ ဝင်ငွေတွေကို ထိထိရောက်ရောက် တားဆီးပိတ်ဆို့နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်နွှယ်သူတချို့ကို ယူကေက တားဆီးပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်လိုက်တဲ့အပေါ် ကြိုဆိုလက်ခံပေမဲ့ အခုလုပ်ရပ်ထက် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သွားဖို့လိုတယ်လို့ Global Witness က တိုက်တွန်းပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးကြောင်း ယူကေက ကြေညာခဲ့ပြီး မြန်မာစစ်တပ်ကို လက်နက်တင်သွင်းနေတဲ့ ကုမ္ပဏီတွေအပြင် စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတခုကိုပါ ပစ်မှတ်ထားပြီး ပိတ်ဆို့မှုအသစ်တွေ ပြီးခဲ့တဲ့သီတင်းပတ်က ချမှတ်ခဲ့ပါတယ်။

ဒီနောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်အမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ သူ့ရဲ့ခင်ပွန်း ကိုထိန်လင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲလိုက်တာဟာ မြန်မာစစ်အာဏာရှင်ရဲ့ တရားဥပဒေအပေါ် မထီမဲ့မြင်ပြုမှုနဲ့ စည်းကမ်းမဲ့ ထင်တိုင်းကျဲမှုတွေ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေကြောင်း ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအပေါ် လက်တုံ့ပြန်တဲ့ သဘောမျိုးနဲ့ ဗြိတိန်သံအမတ်ဟောင်းကို  စိတ်ထင်တိုင်း ဖမ်းဆီးလိုက်တာကြောင့် မြန်မာစစ်အာဏာရှင်တွေကို အရေးပေါ် တားဆီးထိန်းချုပ်ဖို့ နိုင်ငံတကာအနေနဲ့ ဒီထက်ပိုပြီး ပြင်းထန်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း Global Witness က ထောက်ပြထားပါတယ်။

Global Witness ရဲ့ အကြီးတန်းအရာရှိ ဟန်နာဟင်ဒ်စထရောင်မ်က “နိုင်ငံတကာရဲ့ ထုတ်ပြန်ချက်တွေနဲ့ အကန့်အသတ်တွေရှိတဲ့ ဆောင်ရွက်ချက်တွေဟာ အရေးပါတယ်ဆိုပေမဲ့ လိုအပ်တာထက်ကို အများကြီး အားနည်းပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး မြန်မာစစ်တပ်ဟာ ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေမှာ အသာစီး ရနေတာကြောင့် အင်အားနည်းနေပေမဲ့ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်နေဆဲ ဖြစ်ကြောင်းနဲ့ တကယ်လို့ နိုင်ငံခြားငွေမရှိဘူးဆိုရင် သူ့ရဲ့ လေယာဉ်ဆီနဲ့  ဗုံးတွေ ဝယ်နိုင်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ ဝင်ငွေအများဆုံး ရရှိနေတာဖြစ်ပြီး အဲဒီကနေရတဲ့ ဝင်ငွေဟာ သူ့ရဲ့စုစုပေါင်းဝင်ငွေရဲ့ တဝက်နီးပါးရှိတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို စီးပွားရေး ပိတ်ဆို့ထားသလို အမေရိကန်နဲ့ ယူကေတို့ကလည်း စီးပွားရေးပိတ်ဆို့မှုတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ Global Witness က ပြောပါတယ်။

အဲဒီစီးပွားရေးပိတ်ဆို့မှုတွေဟာ ထိရောက်မှုရှိတယ် ဆိုတာကိုလည်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အီးယူက စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီး နောက်မှာ တရုတ်အစိုးရရဲ့ ရှယ်ယာအမြောက်အမြား ပါဝင်တဲ့ တရုတ်နိုင်ငံဘဏ် (Bank of China) ကနေ MOGE ပိုင် ငွေကြေးတွေကို တခြား သက်ဆိုင်ရာအကောင့်တွေဆီ လွှဲပြောင်းခဲ့ကြတာကို တွေ့ရကြောင်း AP သတင်းဌာနက ရေးသားထားပါတယ်။

အဲဒီနည်းလမ်းနဲ့ စစ်အာဏာရှင်တွေရဲ့ အကျိုးအမြတ်ကို ဖြတ်တောက်နိုင်သလို တပြိုင်နက်တည်းမှာပဲ အသုံးပြုသူတွေဆီကို လျှပ်စစ်နဲ့ ဆီတွေ ဆက်လက်ပို့ဆောင် သွားနိုင်မယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ယူကေတို့က ဥရောပသမဂ္ဂနဲ့ အတူပူးပေါင်းကာ MOGE ကို စီးပွားရေးပိတ်ဆို့ဖို့ ငြင်းဆန်နေတာဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ တခြားသော စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း အားပျော့စေတယ်လို့ ဆိုပါတယ်။

အကျိုးအမြတ်အများဆုံးရနေတဲ့ ငွေဝင်လမ်းကို မပိတ်ဆို့နိုင်သမျှတော့ မြန်မာစစ်အာဏာရှင်ဟာ ကျန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကို ဂရုစိုက်မှာ မဟုတ်ကြောင်းနဲ့ MOGE ကို စီးပွားရေးပိတ်ဆို့တာဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အမြစ်တခုကို တိုက်ရိုက်ချိုးဖျက်နိုင်မယ့် နည်းလမ်းတခုဖြစ်လို့ ချက်ချင်းပဲ ဆောင်ရွက်သင့်တယ်လို့ Global Witness က အကြံပြု တိုက်တွန်းထားပါတယ်။

လန်ဒန်နဲ့ ဝါရှင်တန်မှာ အခြေစိုက်တဲ့ Global Witness အဖွဲ့ဟာ ကမ္ဘာတဝန်း သဘာဝအရင်းအမြစ်နဲ့ ဆက်နွှယ်တဲ့ ပဋိပက္ခတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ သဘာဝပတ်ဝန်းကျင်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့် အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့   နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024