စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ညဘက် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါတပ်ဟာ ရေစကြိုမြို့နယ်ကနေ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ် ဖြစ်ပြီး ဇီးကျွန်းရွာနဲ့ သနပ်ကုန်းရွာတွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေ သေဆုံး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒေသခံရွာသားတယောက်က “သူတို့က ညအချိန်တွေပါ စစ်ကြောင်းထိုးတယ်။ အဲလိုစစ်ကြောင်းထိုးရင်း ရွာတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တယ်။ မနေ့ ဩဂုတ်လ ၃၁ ရက်နေ့ ညဦးပိုင်းက ဇီးကျွန်းကျေးရွာကို အကြောင်းမဲ့ လက်နက်ကြီးနဲ ပစ်ခတ်ခဲ့တယ်ဗျ။ အဲ့ရွာက ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ၆ ဦး ဒဏ်ရာရတယ်။ အဲရွာပြီးတော့ သနပ်ကုန်းကျေးရွာကို သန်းခေါင်အချိန်မှာ ထပ်ဝင်ပြီး လက်နက်ကြီးနဲ့ ထပ်ပစ်ခတ်တယ်။ အဲ့မှာ ရွာသား ၁ ဦး သေဆုံးတယ်၊ ၅ ဦး ဒဏ်ရာထပ်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာတွေဟာ လတ်တလောမှာတော့ မြောင်မြို့နယ် မြစ်သာရွာမှာ တပ်စွဲထားပြီး ပစ်ခတ်နေတာကြောငင့် နနွင်းကိုင်းရွာ၊ မြစ်သာရွာ၊ ပရိမ္မရွာအပါအဝင် ၁၀ ရွာထက်မနည်းက ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြောင် MUA အဖွဲ့ခေါင်းဆောက် ကိုတိုက်ဂါးက “စစ်ကောင်စီတပ်က ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျောက်ရစ်ရဲစခန်းကို သိမ်းမယ်လို့ သတင်းအမှားရပြီး အခုလို စစ်ကြောင်းထိုးနေတာ ဖြစ်နိုင်တယ်ဗျ။ ကျနော်တို့အဖွဲ့အနေနဲ့ ကျောက်ရစ်စခန်းကို တိုက်ဖို့ရာ အစီအစဉ်လည်း မရှိဘူးဗျ။ ဒါဟာ သတင်းအမှားပါ။ ကျနော်တို့အနေနဲ့ မဆိုင်တဲ့ ပြည်သူတွေကို အခုလိုမလုပ်ဘဲ ကျနော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က ဒေသတွင်းမှာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ အများအပြားဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်တာမရှိတော့လို့ ပျက်စီးဆုံးရှုံးတာတွေ အများအပြား ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။