Home
မြန်မာသတင်း
ဆေးတက္ကသိုလ်ဝင်ခွင့်ကို ပုံမှန်ထက် ရမှတ် ၅၀ လျှော့ခေါ်
DVB
·
August 31, 2022

စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူတွေထဲက အမှတ်ပေါင်း ၄၅၀ နဲ့အထက် ရရှိသူတွေ ဆေးတက္ကသိုလ် လျှောက်ထားနိုင်တယ်လို့ သတ်မှတ်လိုက်ပါတယ်။

ဆက်လက်ပြီးတော့ ၆ ဘာသာ ရမှတ်စုစုပေါင်း အမှတ် ၄၅၀ နဲ့အထက် ရရှိသူတွေအနက် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ၃ ဘာသာရမှတ်ပေါင်း အများ/အနည်းပေါ်မူတည်ပြီး ပထမဦးစားပေး ဆေးတက္ကသိုလ် လျှောက်ထားသူတွေကို ပဏာမအဆင့် ရွေးချယ်ခံရသူတွေအဖြစ် သတ်မှတ်ထားရှိမယ်လို့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက သိရပါတယ်။

ဆေးတက္ကသိုလ်ဝင်ခွင့်ကို အရင်နှစ်တွေက ရမှတ်သတ်မှတ်ပေးတာမျိုးနဲ့ ဝင်ခွင့်ပေးတာမျိုး မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူတွေရဲ့ ဦးစားပေးတက္ကသိုလ် လျှောက်ထားတာမျိုးကို ပြန်လည်စိစစ်ပြီး ရမှတ်အများဆုံးသူကနေ ဝင်ခွင့်ပေးမယ့် ဦးရေအပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာပါ။

ဒါကြောင့် ဆေးတက္ကသိုလ်တွေရဲ့ ဝင်ခွင့်အမှတ်တွေဟာ နှစ်စဉ် အမြင့်ဆုံး ၆ ဘာသာ ရမှတ်ပေါင်း ၅၀၀ ကျော်အထိ ရှိခဲ့ပြီးတော့ အနိမ့်ဆုံးရမှတ်ဟာ ၅၀၀ ဝန်းကျင်အထိ ရှိခဲ့တာလို့ အရင်နှစ်တွေက ကြေညာခဲ့တဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်တွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေကတော့ ဆေးတက္ကသိုလ် ဝင်ခွင့်တွေကို အမှတ်သတ်မှတ်လိုက်ပြီး ဝင်ခွင့်ဖြေဆိုခွင့်ရသူတွေကို လူတွေ့နှုတ်မေးစာမေးပွဲ စစ်ဆေးသွားမှာဖြစ်ပြီး ပဏာမရွေးချယ်ထားသူအားလုံးဟာ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း (ရေးဖြေ) စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး သင်တန်းသား အပြီးသတ်ရွေးချယ်ခြင်းအနေနဲ့ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ၃ ဘာသာပေါင်းရမှတ်နဲ့ လူတွေ့နှုတ်မေးစစ်ဆေးခြင်း ရမှတ်အပေါ် မူတည်ကာ အမှတ် အများ/အနည်းအလိုက်စီပြီး အမှတ်အများဆုံး ရရှိတဲ့သူတွေကို ဆေးတက္ကသိုလ်တွေအတွက် သတ်မှတ်ဦးရေပေါ်  မူတည်ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီနှစ်ထဲမှာ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ ကျောင်းတက်သူ မရှိသလောက် နည်းပါးနေတာကြောင့် ကျောင်းတက်မယ့်သူ များလာစေဖို့အတွက် အမျိုးမျိုး လုပ်ဆောင်နေပြီး တခြားတက္ကသိုလ်တွေက ကျောင်းသားတွေအနေနဲ့ ဆေးတက္ကသိုလ် တက်ချင်တယ်ဆိုရင် လျှောက်ထားနိုင်တယ်ဆိုပြီး ကြေညာခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024