Home
မြန်မာသတင်း
၅ ရက်ကြာအထိ ခမောင်းဆိပ်ဗျူဟာကုန်းကို အေအေ မသိမ်းပိုက်နိုင်သေး၊ မောင်တော မြောက်ပိုင်း၌ ဖုန်းလိုင်းများပြတ်တောက်
DVB
·
August 30, 2022

သက်တမ်း ၆ နှစ်ကြာရှိပြီဖြစ်တဲ့ မောင်တောမြောက်ပိုင်းက ခမောင်းဆိပ်ဗျူဟာကို ရက္ခိုင့်တပ်တော်(အေအေ)က ၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ ဩဂုတ် ၃၀ ရက် နေ့လယ်ပိုင်းအထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့ ခမောင်းဆိပ်မြို့ခံတွေက ပြောပါတယ်။

“တိုက်ပွဲက ဒီနေ့လည်း (၃၀ ရက်) ဖြစ်တာ မရှိသေးဘူး။  ခမောင်းဆိပ်ဗျူဟာကုန်းနဲ့နီးတဲ့ ပရဟိတ စာသင်ကျောင်းကို စစ်တပ်က ၂၉ ရက် ညက  မီးရှို့လိုက်ကြတယ်”လို့ ခမောင်းဆိပ်နဲ့အနီးဆုံး လေးမြို့ကေဒီကျေးရွာ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၆ ရက် ည ၃ နာရီကပြီး အေအေက အင်အားအလုံးအရင်းနဲ့ သြဂုတ် ၂၇ ရက် ညနေပိုင်းအထိ ထိုးစစ်ဆင် တိုက်ခိုက်နေပေမဲ့ ဩဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်မှာ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်ခံရတဲ့အတွက် သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ၂၉ ရက်နဲ့ ၃၀ ရက်နေ့လယ်ပိုင်းထိ တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။

တိုက်ပွဲ ငြိမ်သက်နေချိန် ဩဂုတ် ၂၉ ရက်မှာတော့ စစ်တပ်က တောင်ပြိုဗျူဟာကနေ စစ်ရဟတ်ယာဉ်တွေနဲ့ ရိက္ခာနဲ့ လက်နက်ဖြည့်တင်းနေတယ်လို့ တောင်ပြိုဒေသခံက ပြောပါတယ်။

မောင်တောဒေသခံ စစ်ရေးလေ့လာသူ တဦးက “​အမှန်ပြောရမယ်ဆိုရင် လေကြောင်း ပစ်ကူပေးတာကြောင့် မသိမ်းနိုင်သေးတာ။ လူအင်အားကို ထိန်းနိုင်ပေမဲ့ လက်နက်အင်အား မမျှတာကြောင့်ပါ” လို့ ပြောပါတယ်။

ခမောင်းဆိပ်ဗျူဟာကုန်းဟာ ခမောင်းဆိပ်မြို့အနောက်ဘက်မှာ အခြေပြုထားပြီး ခမောင်းဆိပ်၊ ငါးရံ့ချောင်း၊ ဝေလာတောင်၊ အောင်ဇူ၊ အောင်ဇံ၊ မင်းခမောက်၊ လေးမြို့ကေဒီ စတဲ့ ကျေးရွာအုပ်စုတွေအပြင် ဘင်္ဂလားနယ်စပ်မှတ်တိုင် အမှတ် ၃၈ မှ ၄၂ အထိ ထိန်းချုပ်ထားတာဖြစ်ပြီး အေအေအခြေစိုက်ရာ ဝေလာတောင်ကြောက လက်ပံတောင်ဒေသကို ဗျူဟာ အထိုင်ချကာ ထိုးစစ်ဆင်နေတဲ့ နေရာဖြစ်ပါတယ်။

အေအေအနေနဲ့လည်း ဘင်္ဂလား-မြန်မာ နယ်စပ်ကို ထိန်းချုပ်နိုင်ပြီး လွတ်လပ်စွာ အခြေချနိုင်ဖို့ အဓိကကျတဲ့ ခမောင်းဆိပ်ဗျူဟာကုန်းကို ၃ ရက်တိုင်တိုင် နေ့ရော ညပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်။

ရခိုင်စစ်ရေးအခြေအနေကို လေ့လာနေသူ တဦးက “အဓိကပြဿနာက အေအေက ဘင်္ဂလားနဲ့ မြန်မာ-နယ်စပ် ဝေလာတောင်ကြောက လက်ပံတောင်ဒေသမှာ အခြေချထားတယ်။ ဒါကို စစ်တပ်က အေအေ အခြေချလာတာကို လုံးဝ မလိုလားဘူး။ ဒါကြောင့် ဝေလာတောင်ကြောကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ အဲဒီထိုးစစ်ကြောင့် အေအေက အဲဒီဗျုဟာကုန်းကို တန်ပြန်ထိုးစစ်ဆင်ခဲ့တာလို့ သုံးသပ်မိတယ်”လို့ ပြောပါတယ်။

အေအေရဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြင်းထန်လာတာကြောင့် စစ်တပ်က အကျအဆုံး များလာပြီး ဗျူဟာကုန်းပါ ကျသွားနိုင်တဲ့ အနေအထားကြောင့် တိုက်လေယာဉ်ရော၊ နခခ (၇)နဲ့ တောင်ပြိုဗျူဟာတွေကနေ လက်နက်ကြီးနဲ့ အချိန်ပြည့်ပစ်ကူပေးခဲ့ရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေဘက်က ၂ ယောက် ကျဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း အေအေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က သိရပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

၅ ရက်ကြာရှိပြီဖြစ်တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ ဖြစ်ပွားမှုအခြေအနေ၊ ကျဆုံးထိခိုက် ဒဏ်ရာရသူ အရေအတွက်နဲ့ပတ်သက်ပြီး  စစ်ကောင်စီရော  အေအေကပါ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းက ဖုန်းလိုင်းအားလုံးလည်း သြဂုတ် ၂၉ ရက်ညကစပြီး  ပြတ်တောက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကြိမ်ချောင်းဒေသခံ တဦးက “မနေ့ ညကတည်းက ဖုန်းတွေ ဆက်မရတောတာပါ။ MPT တာဝါတိုင်တွေက စက်တွေကို ဆီသွားဖြည့်ခွင့်မပေးတာ” လို့ ပြောပါတယ်။

မောင်တောမြို့ ကြိမ်ချောင်းအထက်ပိုင်းက တောင်ပြို၊ ခမောင်းဆိပ်၊ ဗန္ဓူလအထိ ကျေးရွာ ၃၀ ကျော် ဖုန်းလိုင်းပြတ်နေတာ ဖြစ်ပါတယ်။

MPT တာဝန်ရှိသူတဦးက “ကြိမ်ချောင်းအထက်ပိုင်းမှာရှိတဲ့ တာဝါတွေ ဆီသွားထည့်ခွင့် ပိတ်ထားတယ်။ ဟိုတနေ့က ဆီသွားဖြည့်တဲ့ကားမှာ စစ်တပ် ရိက္ခာပါလာလို အေအေ ဖမ်းတာ ရှိတယ်။ ဒါပေမဲ့ ဆိုလာ System ရှိနေတယ်။ နေထွက်လာလို့ Battery မှာ အားပြည့်လာရင် ဆက်သွယ်လို့ အဆင်ပြေသွားမှာပါ။ ညအချိန်တော့ ဆက်လို့ မရနိုင်ဘူး” လို့ ပြောပါတယ်။

သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းက မောင်တောမြို့နယ်မြောက်ပိုင်းက MPT တာဝါတိုင်တွေကို ဆီဖြည့်ရန်လာတဲ့‌ ဆီကားမှာ ကြိမ်ချောင်း ၂၄ ဂိတ်က စစ်တပ်အတွက် ရိက္ခာတင်လာတာကြောင့်  မြဝတီကျေးရွာအလွန်မှာ အေအေက ဖမ်းဆီးခဲ့ပါတယ်။

မောင်တောမြောက်ပိုင်းမှာတော့ MPT တာဝါတိုင် ၁၅ ခုရှိပေမဲ့  ဖောက်ခွဲဖျက်ဆီးခံရတာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024