ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအလွန်မှာ စစ်ကောင်စီအတွက် ရိက္ခာတင်လာတဲ့ MPT တာဝါတိုင် ဆီဖြည့်ကားအားတစီးအား သြဂုတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ အေအေ တပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဟုတ်တယ်။ ဒီနေ့နေလယ်ပိုင်းက စစ်တပ်အတွက် ရိက္ခာတင်လာတဲ့ တေဘာကားတစ်စီးကို မြတီကျေးရွာအလွန်မှာ အေအေက ဖမ်းထားတယ်လို့ သိရတယ်။ အဲဒီကားက မောင်တောမြောက်ပိုင်းက MPT တာဝါတိုင်တွေကို ဆီလာထည့်တာလို့ သိရတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း ကားလမ်းတွေ ပိတ်ထားတာကြောင့် မောင်တောမြောက်ပိုင်းရှိ MPT တာဝါတိုင်တွေကို လောင်စာဆီ ထည့်ပေးဖို့ သက်ဆိုင်ရာအား အကြောင်းကြားပြီး လာရောက်စဥ် ကြိမ်ချောင်း ၂၄ စခန်းမှ မြောက်ပိုင်းရှိ နယ်ခြားစော့င်တပ်တွေအတွက် ရိက္ခာတင်ပေးလိုက်ရာမှ အခုလို အေအေ အဖွဲ့ရဲ့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။
မောင်တောမြောက်ပိုင်းဒေသခံတဦးက "စစ်ကောင်စီက တော်တော်လေးကို ပါးနပ်တာ။ သူတို့ရိက္ခာတွေကို တင်သွားတဲ့ကားတွေဆို လွှတ်ပေးနေတယ်။ သာမှန်ပြည်သူတွေ ကားတွေကျ တော့ လုံးဝသွားလာခွင့်မပြုဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သြဂုတ် ၁၃ ရက်နေ့ကတည်းက မောင်တောမြောက်ပိုင်းလမ်းတွေကို စစ်ကောင်စီက ပိတ်ထားပေမယ့် တပ်သားတွေအတွက် စားနပ်ရိက္ခာတင်ဆောင်ပေးတဲ့ ကားတွေကိုတော့ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်နဲ့ ကြိမ်ချောင်း ၂၄ ဂိတ်တွေက အစစ်ဆေးမရှိ လွှတ်ပေးနေတာလည်းဖြစ်ပါတယ်။
သြဂုတ် ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေအတွက် ရိက္ခာတင်ပေးတဲ့ မီးတိုက်ကျေးရွာက ကားအချို့နဲ့ တောင်ပြိုမှ ကားအချို့အား ကျီးကန်းပြင် စစ်ဆေးရေးဂိတ်နဲ့ ကြိမ်ချောင်း ၂၄ ဂိတ်တွေက လွှတ်ပေးခဲ့ကြောင်း ကားသမားတွေဆီက သိရပါတယ်။