ရန်ကုန်တိုင်းထဲက ဒလ၊ မရမ်းကုန်းနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ မနေ့ ညနဲ့ ဒီနေ့ မနက်ပိုင်းတွေက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ဒလ-တွံတေးလမ်းမကြီးပေါ်က ဗိုလ်ကြီးဟောင်းတဦးပိုင်တဲ့ ဝတီနန်းမုန့်မျိုးစုံအရောင်းဆိုင်ရှေမှာ ဒီကနေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"အဲဒီဆိုင်ရှေ့မှာ ပေါက်တာ။ မနက်အစောကြီး အကျယ်ကြီးပဲ။ လူထိခိုက်မှုတော့ မရှိဘူး။ စစ်တပ်က ရောက်လာပြီး ရှာတော့ နောက်ထပ် ဗုံးတလုံး တွေ့တယ်။”
အလားတူ ဒီမနက် ၉ နာရီလောက်က မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ ဦးဘဟန်လမ်းမပေါ်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး နှစ်လုံးကို စစ်တပ်က တွေ့ရှိပြီး ယမ်းကပ်ဖောက်ခွဲခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ဗုံးစတွေ့တုန်းက လမ်းတွေ ပိတ်ထားတာ။ စစ်တပ်က အခုတော့ လမ်းတွေ ပြန်ဖွင့်လိုက်ပြီ"
မနေ့ည ၉ နာရီကလည်း မြောက်ဥက္ကလာပမြို့နယ် “ဃ” ရပ်ကွက် ခေမာသီလမ်းမနဲ့ ဝေပုလ္လ လမ်းထောင့်က ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ သြဂုတ် ၁ ရက်ကနေ ၂၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ၂၁ ယောက် သေဆုံးခဲ့ပြီး ၁၉ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။