
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ရွာသားတွေက ပြောပါတယ်။
*တိုက်ပွဲက ဒီနေ့ ဩဂုတ် ၂၈ ရက်နေ့ မနက်ခင်း ၆ နာရီခွဲက ဖြစ်တာဗျ။ ဖြစ်တာက လေဆာကနေအထွက် ကျနော်တို့ အောင်သာကုန်းနဲ့ မဲဇာလေးရွာ အရှေ့ဘက်ကပ်လျက် လယ်ကွင်းတွေထဲမှာ ဖြစ်နေကြတယ်ဗျ။ အခုထိမပြီးသေးဘူး၊ ပစ်နေဆဲပဲ။ သူတို့တိုက်ပွဲဖြစ်လို့ ကျည်ဆန်တွေ ရွာထဲကျတယ်။ ရွာသားတွေလည်း ထိခိုက်ကျည်မှန်ထားတာ ရှိတယ်။ မဲဇာလေးရွာက အသက် ၂၀ ကျော် အမျိုးသမီး ဗိုက်ကျည်ထိမှန်ပြီး ကျည်က ဗိုက်ထဲမှာဖြစ်နေတယ်။ ခွဲထုတ်ရမယ်ထင်တယ်ဗျ။ သူတို့ဒီအတိုင်းသာ တိုက်ပွဲဖြစ်ပွားနေမယ်ဆိုရင် ရွာသားတွေ အကုန်သေရမဲ့အဖြစ်ပါဗျာ” လို့ မဲဇာလေးရွာနေပြည်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ဘုန်တော်ကြီးကျောင်း ရေကန် လက်နက်ကြီး ထိမှန်ပျက်စီးကာ ကျောင်းဆောင်၊ စေတီတွေလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် နှစ်ဖက်တပ်တွေအပါအဝင် ဒေသခံရွာသားတွေရဲ့ ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးဘူးလို့ လေဆာရွာသားတဦးက ပြောပါတယ်။
“အခုစစ်ဖြစ်နေတာက မဲဇာချောင်းကမ်းနံဘေးဖြစ်နေကြတာဆိုတော့ ထွက်ပြေးဖို့ရာက မဲဇာချောင်းရေကလည်း ကြီးနေတဲ့အချိန်ဆိုတော့ ရွာသားတွေ ပိတ်မိသူတွေလည်း ရှိတယ်ဗျ။ ကြိုတင်ချောင်းကို ကူးပြီးထွက်ပြေးသူတွေလည်းရှိနေတယ်။”
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ အခြေအနေကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။