Home
မြန်မာသတင်း
ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိ
DVB
·
August 28, 2022

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အကျဉ်းထောင်မှာ စစ်အာဏာသိမ်းပြီးချိန်ကနေ သြဂုတ် ၂၂ ရက်အထိ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃၉ ယောက် ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN)ဆီက သိရပါတယ်။

အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်ခံထားရတဲ့ အဲဒီနိုင်ငံရေးအကျဉ်းသားတွေထဲကအများစုဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) တို့နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ရှေ့နေ့လိုက်ပါခွင့်မရဘဲ အမှုရင်ဆိုင်ရတာတွေလည်း အများကြီးရှိတယ်လို့ ပြောပါတယ်။

ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်(DPPN) တာဝန်ရှိသူ တယောက်က "ရှေ့နေမပါတော့

မချေပတတ်တဲ့သူတွေဆိုရင် သူတို့ပြောတဲ့အတိုင်းမတရားစွပ်စွဲတဲ့အတိုင်းဖြစ်သွားတာပေါ့။ အဲဒီတော့ သူတို့သဘောအတိုင်းပဲ လက်တန်းအမိန့်ချတယ်။ ရှေ့နေနဲ့ဆိုရင် ပြစ်ဒဏ်က မလွတ်တောင် လျှော့ပေါ့တာတွေရှိတယ်၊ နောက်တခုက မိသားစုနဲ့ဆက်သွယ်တာတွေ မိသားစုကို သက်သေခေါ်တာတွေ လုပ်ရ ခက်ခဲသွားတယ်" လို့ ပြောပါတယ်။

လက်ရှိ ထားဝယ်အကျဉ်းထောင်မှာ အမိန့်မချသေးဘဲ အမှုရင်ဆိုင်ဆဲအမျိုးသား ၁၀၀ ဝန်းကျင်နဲ့ အမျိုးသမီး ၃၀ လောက်ကျန်နေပြီး အခုနှစ် မတ် ၆ ရက်အထိ ထောင်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ အမျိုးသမီးကတော့ ၃၈ ယောက် ရှိပါတယ်။

ထောင်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာ ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရတဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်လည်း ပါဝင်ပါတယ်။

ထားဝယ်ခရိုင်အတွင်း စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၁၀၀၀ လောက်ရှိပါတယ်။

အရင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ  အယောက် ၁၁၀ လောက်နဲ့ အောက်တိုဘာ ၂၀ ရက်မှာ အယောက် ၃၀ လောက်၊ စုစုပေါင်း အယောက် ၁၄၀ လောက်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထားဝယ်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ထားဝယ်အကျဉ်းထောင်မှာ  ဇူလိုင် ၁၄ ရက် ညနေပိုင်းက နိုင်ငံရေးအကျဉ်းသား ၃ ယောက် အပါအဝင် အကျဉ်းသားနဲ့ အချုပ်သား ၁၀ ယောက်ကျော်ကို ရေချိုးနောက်ကျတယ်လို့ဆိုကာ

အကျဉ်းထောင်တာဝန်ရှိသူတွေက ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့ ထောင်နဲ့နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024