DVB Logo
Home
မြန်မာသတင်း
လွတ်မြောက်နယ်မြေအတွင်း နွေဦးကျန်းမာ ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်း ဖွင့်လှစ်
DVB
·
August 28, 2022
လွတ်မြောက်နယ်မြေအတွင်း နွေဦးကျန်းမာ ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်း ဖွင့်လှစ်
Donate to DVB

လွတ်မြောက်နယ်မြေမှာ “နွေဦးကျန်းမာ” အမည်နဲ့ အဆင့်မီဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းတခုကို ဖွင့်လှစ်ထားပြီး ရောဂါရှာဖွေကုသမှုတွေ ပိုမိုထိရောက်အားကောင်းလာတော့မှာဖြစ်တယ်လို့ ဆေးတက္ကသိုလ် ၂၊ ရန်ကုန်ကျောင်းသားကော်မတီက ထုတ်ပြန်ပါတယ်။

ဒေသခံလူထုနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရောဂါရှာဖွေကုသမှုတွေ ပိုမိုထိရောက် အားကောင်းလာစေဖို့နဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ရာ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်တွေနဲ့အတူ လည်ပတ်ဆောင်ရွက်နေပြီဖြစ်ကာ သွေး၊ သလိပ်၊ ဆီးနဲ့ဆိုင်ရာ ဓာတ်ခွဲစစ်ဆေးမှုတွေနဲ့ ရောဂါတွေကို ထိရောက်စွာ ကိုင်တွယ်ကုသနေတယ်လို့ ဆိုပါတယ်။

ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းကလည်း “နွေဦးကျန်းမာ” အမည်နဲ့ အထွေထွေရောဂါကုနှင့် သင်ကြားရေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ဦးစီးဖွင့်လှစ်လိုက်ခဲ့ပြီး အတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခွဲစိတ်ခန်းနဲ့ လူနာသယ်ယူပို့ဆောင်ရေးစနစ်တွေကို ပြင်ဆင်နေကာ လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းတွေကိုလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဆေးရုံကို အဆင့်မြှင့်တင်ပြီးရင်တော့ ကျေးရွာပေါင်း ၃၀ ကျော်နဲ့ လူဦးရေ ၁၅၀၀၀ ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်မှာဖြစ်ပြီး ဆေးရုံရဲ့ အထွေထွေလိုအပ်ချက်တွေအတွက် လှူဒါန်းလိုပါက ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီဖေ့စ်ဘွတ်ခ် စာမျက်မှာကတဆင့်၊ ဒါမှမဟုတ် အီးမေးလ်လိပ်စာ[email protected] တွေဆီ ဆက်သွယ်လှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက် ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာစတဲ့ အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်နက် အားကိုးဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013