ပန်းချီဆရာ ထိန်လင်းကို သူ့ရဲ့ ဇနီးမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း နေအိမ်မှာအတူ လာရောက်နေထိုင်တာကို ကူညီအားပေးအားမြှောက်ပြုခဲ့မှုနဲ့ အကြမ်းဖက်စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီး တရားစွဲဆိုထားပါတယ်။
သူတို့ ဇနီးမောင်နှံကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ ရန်ကုန်မြို့က စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး သူ့ကို နေထိုင်ခွင့်ပြုထားတာဟာ စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ဖြစ်ပေမယ့် သူတို့ ဇနီးမောင်နှံဟာ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ သြဂုတ် ၉ ရက်နေ့အထိ ရှမ်းပြည်နယ် ကလောမြို့က ဦးထိန်လင်း အိမ်မှာ နေထိုင်ခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေကို ပြောကြားချက်မှာ ဖော်ပြပါတယ်။
အဲဒီလို နေထိုင်ရာမှာ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်မှာ လိပ်စာပြောင်း လျှောက်ထားဖို့ ပျက်ကွက်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို စမ်းချောင်းမြို့မရဲစခန်းမှာ လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဦးထိန်လင်းကိုတော့ ထုတ်ပြန်ထားတဲ့ တည်ဆဲဉပဒေကို ဆန့်ကျင်ပြီးတော့ ဇနီးဖြစ်သူ နေထိုင်မှုနဲ့ ပတ်သက်ပြီးတော့ နေရပ်လိပ်စာပြောင်းရွှေ့နေထိုင်တာကို သိရက်နဲ့ ဆက်လက်နေထိုင်ဖို့ ကူညီ အားပေးအားမြှောက်ပြုခဲ့တာကြောင့် လဝကဥပဒေပုဒ်မ ၁၃(၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကုန်သွယ်ရေး၊ စီးပွားရေးတို့မှာ အလေ့အကျင့်ကောင်းတွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကာ အနောက်တိုင်းက အလှူရှင်တွေ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ တာဝန်သိ စီးပွားရေး မြန်မာစင်တာ Myanmar Center for Responsible Business (MCRB) ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။