
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သြဂုတ် ၂၅ ရက် ညနေပိုင်းက မြိုင်မြို့နယ် အခြေခံပညာအထွေထွေ သပိတ်ကော်မတီနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဖဲကြိုးနက် လှုပ်ရှားမှု ၁၀ ရက်မြောက် ဆက်လက်ပြုလုပ်ခဲ့တယ်လို့ BEGSC(မြိုင်)ကနေ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေကို သေဒဏ်ပေးမှုဆန့်ကျင်ရေး၊ ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုကို ဦးဆောင်နေတဲ့ ပညာရေးကရဲဘော်တွေနဲ့ ထောင်ထဲက တခြားရဲဘော်တွေအားလုံးနဲ့ အပြင်ကနေ အတူတကွရပ်တည်ပေးနိုင်ရေး၊ ပညာရေး CDM ဆရာတွေ၊ ကျောင်းသားတွေနဲ့ မိဘတွေရဲ့စုစည်းနိုင်မှုစည်းလုံးမှုကို တော်လှန်ရေးနဲ့ ပတ်သက်လို့ နှိုးဆွပေးပေးရေးနဲ့ ကြားကာလ ပညာရေး ပြည်သူ့ကျောင်းတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အခန်းကဏ္ဍကို ဒီလှုပ်ရှားမှုနဲ့ အတူ ထုတ်ဖော်ပြသနိုင်ရေး ရည်ရွယ်ပြုလုပ်ခဲ့ကြတာလို့ BEGSC(မြိုင်)ရဲ့ ဦးဆောင်သူတစ်ယောက်က ပြောပါတယ်။
ဖဲကြိုးနက်လှုပ်ရှားမှုကို သြဂုတ် ၁၆ ရက်က စတင်ပြုလုပ်ခဲ့ပြီး "ထောင်တွင်း အကြမ်းဖက်မှု၊သတ်ဖြတ်မှု တို့လက်မခံ၊ ပညာရေးနဲ့ လူထုအသံဆိုတဲ့"ကြွေးကြော်သံ ပါဝင်တဲ့ ကြိုးနက် Profile တွေ ပြောင်းခဲ့ကြပြီး သြဂုတ် ၂၅ ရက်က ၁၀ ရက်မြောက်နေ့ ဖြစ်ပါတယ်။
မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီကို ၂၀၂၁ ခုနှစ် မေ ၁၈ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင် ပြုတ်ကျရေး နေ့စဥ်ရက်ဆက် ချီတက် ဆန္ဒပြသပိတ်တွေ ပြုလုပ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီလို့ သိရပါတယ်။